ရှုပ်ထွေးနေသည့် မောင်တောဖြစ်စဥ်နှင့်ပတ်သက်ပြီး အစီရင်ခံစာတစ်စောင် ULA/AA ထုတ်ပြန်

By Narinjara / 2024 August     21

ရခိုင်ပြည်၊ မောင်တောမြို့အနီး ပြီးခဲ့သည့်သြဂုတ်လ ၅ ရက်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် တစ်ခုနှင့်ပတ်သက်၍ “အချက်အလက်စစ်ဆေးမှုနှင့် ဖြစ်စဉ်ခွဲခြမ်း စိတ်ဖြာမှုဆိုင်ရာ အစီရင်ခံစာ”တစ်စောင်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/AA)က အင်္ဂလိပ်ဘာသာဖြင့် ယနေ့ထုတ်ပြန်လိုက်သည်။

စာမျက်နှာ ၁၅ မျက်နှာပါရှိသည့်အဆိုပါအစီရင်ခံစာကို ULA/AA ၏သုတေသနအဖွဲ့က ရေးသားထားခြင်းဖြစ်ပြီး ယနေ့ သြဂုတ် ၂၁ ရက်တွင် တရားဝင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ဤအစီရင်ခံစာ၏ အဓိကရည်ရွယ်ချက်မှာ မောင်တောမြို့အနီးဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များနှင့် သက်ဆိုင်သော အခြေခံအချက်အလက်များကို မှတ်တမ်းတင်ခြင်း၊ အချက်အလက် စစ်ဆေးခြင်း၊ ပကတိဖြစ်ရပ်မှန် အခြေအနေများကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဤဖြစ်ရပ်အပေါ်၌ ကျူးလွန်နိုင်ခြေရှိသူများ၊ ပါဝင်ပတ်သက်နိုင်ခြေရှိသူများအားသုတေသနရှုထောင့်မှ စိစစ် လေ့လာတင်ပြခြင်းမျှသာဖြစ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ULA/AA က ဆိုထားသည်။

ဆက်လက်ပြီး ULA/AA က ဤအစီရင်ခံစာအနေဖြင့် မောင်တောမြို့အနီး မြေပြင်တွင် ဖြစ်ပျက်နေသော ရှုပ်ထွေးသောအခြေအနေများအပေါ် အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်လာနိုင်စေပြီး ဤဖြစ်ရပ်တွင် ကျူးလွန်ခံရသည့်သူများအတွက် အမှန်တရား၊ တရားမျှတမှုများကို ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူ ပြုနိုင်လိမ့်မည်ဟု မျှော်လင့်သည်ဟုလည်း ရေးသားထားသည်။

ရခိုင်ပြည်အနောက်ဘက်နယ်စပ်မြို့၊ မောင်တောတွင် ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်၊ ညနေ ၅ နာရီခန့်က စစ်ရေးပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ စက်လှေ တစ်စီးဖြင့် ထွက်ပြေးသည့် မွတ်ဆလင်များသည် မောင်တောမြို့အထွက်ရှိ ဖေဇီရွာအကျော် နတ်မြစ်အနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန် (သို့မဟုတ်) ဗုံးထိမှန် (သို့မဟုတ်) ရေနစ်သေဆုံး (သို့မဟုတ်) လေကြောင်းမှတိုက်ခိုက်ခံရမှု (သို့မဟုတ်) ကြီးမားသော ပေါက်ကွဲမှု တစ်ခုခုဖြစ်၍ သေဆုံးနေသည့် ရုပ်သံဖိုင်များ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာခဲ့သည်။

အဆိုပါထိခိုက်သေဆုံးမှုမှာ အာရက္ခတပ်တော် (AA)က ရှော့တိုက်ဒုံးများ (သို့မဟုတ်) ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ပရှိ မွတ်ဆလင် (ရိုဟင်ဂျာ) အရေး လှုပ်ရှားသူ အချို့က စွပ်စွဲပြောဆိုထားသည်။

အချို့ကလည်း အဆိုပါစက်လှေသည် မြန်မာစစ်တပ်၏ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်စီးနစ်မြုပ်ကာ စက်လှေပေါ်ပါလာသူအများအပြား ရေနစ်သေဆုံးခဲ့ရသည်ဟု ပြောဆိုကြသည်။

ယင်းနှင့်ပတ်သက်ပြီး မြေပြင်တွင်ပကတိဖြစ်ပျက်ခဲ့သည့် ဖြစ်စဥ်အမှန်တရားကို ခွဲခြမ်းစိတ်ဖြာ၍ ယခုအစီရင်ခံစာကို ULA/AA က ရေးသားထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ယခုအစီရင်ခံစာနှင့်ပတ်သက်ပြီး ULA/AA ပြောခွင့်ရသူဦးခိုင်သုခကို နိရဥ္စရာက ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းမပြန်သေးပါ။

အဆိုပါဖြစ်စဥ် ဖြစ်ပွားအပြီး သြဂုတ်လ ၇ ရက်တွင် နိရဥ္စရာက ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့ရာ ယခုကိစ္စသည် AA နှင့် လုံးဝ သက်ဆိုင်မှုမရှိကြောင်း ပြောဆိုခဲ့သည်။

“ဒီကိစ္စဖြစ်တာက မွတ်ဆလင် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီကြားမှာ တဖက်နဲ့ တဖက် မကျေလည်မှုတွေကြောင့် ပစ်ကြခတ်ကြတဲ့ ကိစ္စလို့ ပြောလို့ရတယ်။ ဒါက ကျနော်တို့နဲ့ လုံးဝသက်ဆိုင်မှုမရှိဘူးဗျ။ သူတို့အချင်းချင်း ပစ်ကြခတ်ကြလို့ သေတဲ့ကိစ္စကို အေအေကလုပ်တာပါဆိုပြီးတော့မှ တက်ကြွလှုပ်ရှားသူဆိုတဲ့အဖွဲ့တွေက နိုင်ငံတကာမှာ ဝါဒဖြန့်နေတာကို တွေ့ရတယ်။ ဒါကတော့ သူတို့လုပ်ထားတဲ့အပြစ်တွေကို ကျနော်တို့ကို လွှဲချတယ်ဆိုတာက တော်တော် ဆိုးဝါးတဲ့ လုပ်ရပ်လို့ ပြောလို့ရတယ်”ဟု ပြောသည်။

AA အနေဖြင့် ၄င်းတို့ထံခိုလှုံလာသူများကို လူမျိုး ဘာသာ မခွဲခြားဘဲ ဘေးကင်းလုံခြုံသည့် နေရာကို ပို့ဆောင်ပေးပြီး ကူညီဆောင်ရွက်ပေးလျက်ရှိကာ ပြည်သူကို ဦးတည်တိုက်ခိုက်မှုမျိုး ဘယ်တုန်းကမှမလုပ်ခဲ့ကြောင်း ပြောသည်။

ယခုကိစ္စအပေါ် များစွာစိတ်မကောင်းဖြစ်ရကြောင်းလည်း ULA/AA က ဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

https://www.facebook.com/narinjara.info/posts/915656643934799

Leave a Reply

Your email address will not be published.