ရေဘေးသင့် ရခိုင်လယ်သမားများ ဒုက္ခရောက်နေ

(စပါးပင်များ အစားထိုးစိုက်ပျိုးရန် အကူအညီလိုအပ်)

By DMG / 2024 August               7

ပုံစာ – ရေကြီးမှုကြောင့် ပျက်စီးသွားသည့် လယ်ဧကများကို ဩဂုတ်လ ၆ ရက်က တွေ့ရစဉ်။

ရခိုင်ပြည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွင် ဩဂုတ်လဆန်းပိုင်းမှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှု နှင့်အတူ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ပြီး လယ်ဧကထောင်နှင့်ချီ ပျက်စီးသွားကြောင်း လယ်သမားများထံမှ သိရသည်။

ဒီရေမြင့်တက်မှုမှာ ဩဂုတ်လ ၄ ရက်တွင် ပြန်ကျသွားသော်လည်း စိုက်ပျိုးပြီး စပါးခင်းများမှာ ရွှံနွံများဖုံးလွှမ်းပြီး သေကြေပျက်စီးသွားခြင်း ဖြစ်သည်။

ရေ ၁၀ ပေခန့် မြင့်တက်ခဲ့သည့် ကျောက်တော်မြို့နယ်မှ မဟာမုနိကျေးရွာတွင် လယ်ဧက ၁၀၀ နီးပါး ပျက်စီးသွားကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

“စပါးပင်တွေအကုန်လုံး ရေမှာမျှောတာမျှော၊ ရွံ့မှာကပ်တာကပ်ဖြစ်သွားတာ။ ရေနဲ့အတူပါလာတဲ့ နွံတွေက အကုန်ဖုံးလွှမ်းသွားတယ်။ မိုးရွာရင်တော့ သုံးပုံတစ်ပုံလောက် ပြန်ရှင်နိုင်တယ်။ မိုးမရွာရင်တော့ မရှင်တော့ဘူး” မဟာမုနိကျေးရွာမှ လယ်သမား ဦးမောင်သိန်းအောင်က ပြောသည်။

ကျောက်တော်မြိုနယ်က မဟာမုနိ၊ သရက်တပင်၊ ညောင်ချောင်း၊ စပါးဆိပ်၊ ရွာမပြင် စသည့် ကျေးရွာတို့တွင် ရေကြီးမှုဖြစ်ပွားခဲ့၍ လယ်ဧက အများအပြား ပျက်စီးသွားခြင်းဖြစ်သည်။

လယ်သမားများမှာ စိုက်ပျိုးပြီးလယ်ဧကများ ပျက်စီးဆုံးရှုံးမှုအပြင် နေအိမ်တွင်သိုလှောင်ထားသည့် စပါးများလည်း ရေနစ်မြုပ်သွားသဖြင့် ဆုံးရှုံများလည်း ဖြစ်ပေါ်နေသည်။

မဟာမုနိကျေးရွာမှ ဒေါ်မသိန်းဟန်က “စပါးကျီက စပါးတွေ အကုန်လုံး ရေစိုသွားတယ်။ ရေစိုစွတ်သွားတဲ့ စပါးတွေကို ရလိုရငြားနေလှမ်းထားတယ်” ဟု ပြောသည်။

လယ်သမားများမှာ သွင်းအားစုစရိတ်မြင့်မားမှုနှင့် အခက်အခဲအမျိုးမျိုးကြားမှ စိုက်ပျိုးထားသော စပါးခင်းများကို ပြန်လည်အစားထိုး စိုက်ပျိုးရန် အခက်အခဲရှိနေကြသည်။

ဓာတ်မြေဩဇာ တစ်အိတ်ကို ငွေကျပ် ၃ သိန်းကျော်၊ ရေနံဆီ ၁ ပီပါလျှင် ငွေကျပ် သိန်း ၃၀ ကျော်အထိ ဈေးမြင့်တက်နေ၍ ပြန်လည်စိုက်ပျိုးရန် အခက်အခဲဖြစ်နေကြောင်း လယ်သမားများက ပြောဆိုကြသည်။

“ရှိတဲ့ဟာအားလုံးကိုလည်း အရင်းစိုက်ထားပြီးပြီ။ နောက်ထပ်အရင်းစိုက်ဖို့ မလွယ်တော့ဘူး။ အများကြီး စိတ်ဆင်းရဲရတယ်” ဟု မြောက်ဦးမြို့နယ်၊ တောင်ဦးကျေးရွာမှ လယ်သမား ဦးသန်းထွန်းနိုင်က ပြောသည်။

ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် လယ်ဧကများကို ပြန်လည်ထွက်ယက်စိုက်ပျိုးရန် အချိန်မီသေးသဖြင့် စပါးမျိုးစေ့အပါအဝင် သွင်းအားစုစရိတ်များ ထောက်ပံ့ပေးရန် လိုအပ်နေကြောင်း လယ်သမားများက ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က လယ်ဧက ၁၀ သိန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး၊ ယခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် လယ်ဧက ၅ သိန်းခန့်သာ စိုက်ပျိုးထားကြသည်ဟု မြောက်ဦးမြို့နယ်ရှိ ဓညဝတီမျိုးစပါး စိုက်ပျိုးရေးအသင်းမှ သိရသည်။

စိုက်ပျိုးလယ်ဧက လျော့နည်းနေသည့်အထဲ ရေကြီးမှုကြောင့် လယ်ဧကများ ထပ်မံဆုံးရှုံးသွားရသဖြင့် လာမယ့်နှစ် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးမှာ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေသည်။

“ဒီနှစ်မှာ ကောင်းကောင်းမွန်မွန် မစိုက်ပျိုးနိုင်ရင် နောက်နှစ်မှာ ဝမ်းစာဖူလုံရေးကို ထိခိုက်မယ့်အနေအထားကို ရောက်ရှိနိုင်တယ်” ဟု ဓညဝတီမျိုးစပါး စိုက်ပျိုးရေးအသင်း အတွင်းရေးမှူး ဦးမောင်သိန်းလှက ပြောသည်။

https://www.facebook.com/photo/?fbid=892089659631298&set=pcb.892090709631193

Leave a Reply

Your email address will not be published.