ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီ နေဗီက လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ဆယ်ကျော်သက်အရွယ် လူငယ် ၁ ဦးနှင့် လူလတ်ပိုင်း ၁ ဦးပွဲချင်းပြီးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိ

By Arakan Bay News / 2024 August      29

ဓာတ်ပုံ-ပေါက်တောမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ ရေတပ် သင်္ဘောတစ်စီးအား တွေ့ရစဥ်/ABN

ရက္ခိုင်ပြည် ၊ ရသေ့တောင်မြို့နယ်၊ ဆားပြင်ကြီးရွာအား စစ်ကောင်စီတပ် နေဗီက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ဆယ်ကျော်သက်အရွယ် အမျိုးသား ၁ ဦး နှင့် လူလတ်ပိုင်း ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး၊ ၄ ဦးဒဏ်ရာရသွားခဲ့ကြောင်းသိရှိရသည်။

ပွဲချင်းပြီးသေဆုံးသောသူများမှာ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ဆားပြင်ကြီးရွာမှ အသက် (၁၆)နှစ်အရွယ် မောင်လှိုင်ကိုထွန်းနှင့် အသက် (၃၈) နှစ်အရွယ် ဦးအောင်မျိုးထွန်းတို့ဖြစ်ကြောင်းသိရှိရသည်။

ယမန်နေ့ သြဂုတ်လ ၂၈ ရက်နေ့၊ ညည့် ၁၁ နာရီကျော်တွင် စစ်ကောင်စီတပ် နေဗီက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ၂ လုံးသည် ဆားပြင်ကြီးရွာသို့ ကျရောက်ပေါက်ကွဲ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက AB News သို့ပြောသည်။

“ကြွီတဲမြစ်ထဲကနေ နေဗီက လက်နက်ကြီးပစ်ခတ်တာပါ။ ရွာထဲမှာ ကျရောက်ပေါက်ကွဲတယ်။ ၂ ယောက်သေသွားတယ်။  ၄ ယောက်ဒဏ်ရာရသွားတယ်” ဟု ဆိုသည်။

ဒဏ်ရာရရှိသောသူများမှာ အသက်(၅)နှစ်အရွယ် မောင်ကောင်းမြတ်နိုင်၊ အသက်(၆)နှစ် အရွယ်မမြတ်စုလှိုင် ၊ အသက် (၃၆)နှစ်အရွယ် ဒေါ်လှိုင်လှိုင်ဝင်းနှင့် အသက်(၄၀)နှစ်အရွယ် ဒေါ်မရွှေသန်းတို့ဖြစ်ကြောင်းသိရှိရသည်။

၎င်းတို့အထဲတွင် မောင်ကောင်းမြတ်နိုင် အသက် ၅ နှစ်အရွယ် ကလေးငယ်မှာ ဒဏ်ရာပြင်းထန်မှုကြောင့် နီးစပ်ရာဆေးရုံတွင်ဆေးကုသမူခံယူနေရကြောင်းသိရှိရသည်။

ရသေ့တောင်မြို့သည် အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်ထားသည့် မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီ ကင်းစင်သောနယ်မြေတစ်ခုလည်း ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီသည် အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် နယ်မြေများသို့ ဂျက်ဖိုက်တာ၊ Y 12 ဗုံးကြဲလေယာဥ်များဖြင့် နေ့စဥ်ရက်ဆက် တိုက်ခိုက်လာနေသည်ကို တွေ့ရှိရသည်။

https://www.facebook.com/arakanbaynewsinfo/posts/122167059122180219

Leave a Reply

Your email address will not be published.