မောင်တောမြို့တစ်ခုလုံးမှ လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားခြင်းခံရသည့် မြို့ခံ ၁ သောင်းကျော်ကို AA ကယ်ထုတ်

By Arakan Bay News / 2024 August      14

ရက္ခိုင်ပြည် နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့ရှိ ရပ်ကွက်များမှ စစ်ကောင်စီအဖွဲ့နှင့် အပေါင်းပါ အကြမ်းဖက်မူဆလင်များက လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားသည့် မြို့ခံ ၁ သောင်းကျော်ကို အာရက္ခတပ်တော်က ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

မြို့အတွင်း ပိတ်မိနေသည့် ရက္ခိုင်၊ မူဆလင်နှင့် ဟိန္ဒူလူမျိုးများကို ပြီးခဲ့သည့် ဩဂုတ်လ ၇ရက်နေ့မှ ယနေ့အချိန်ထိ ကယ်ထုတ်နေသည်ကို တွေ့ရှိရသည်။

မောင်တောမြို့အတွင်း ပိတ်မိနေစဥ် စစ်ကောင်စီအဖွဲ့နှင့် လက်နက်ကိုင်မူဆလင်များ၏ အကြမ်းဖက်သတ်ဖြတ်လာမည်ကို ကြောက်လန့်နေခဲ့ရပြီး ယခု လွတ်မြောက်နယ်မြေသို့ ရောက်လာသည့်အတွက် လွန်စွာ ဝမ်းသာမိကြောင်း အောင်မြေဗောဓိရပ်ကွက်မှ ကိုမောင်မောင်နိုင်က AB News သို ပြောသည်။

“အသက်ရှင်မယ်လို့တောင် မထင်ထားခဲ့ဘူး။ ကျနော်တို့ အပြင်ထွက်လို့လည်း မရပါဘူး။ ထွက်ရင် စစ်ကောင်စီနဲ့လက်နက်ကိုင် မူဆလင်တွေကို ကြောက်နေရတယ်။ အဲဒီအချိန်မှာ ကျနော်တို့က သူတို့ လက်ခုတ်ထဲက ရေလိုပါဘဲ။ မနေ့ကမှ AA တပ်သားတွေ ကယ်ထုတ်လို့ လွတ်မြောက်ခဲ့ရတာပါ။ အသက်ရှင်ခွင့် ရတဲ့အတွက် အတော့်ကို ဝမ်းသာမိပါတယ်” ဟု ဆိုသည်။

မောင်တောမြို့မှ လွတ်မြောက်လာသည့် ရက္ခိုင်၊ မူဆလင်နှင့် ဟိန္ဒူလူမျိုးများကို အာရက္ခတပ်တော်က ရေကြောင်းမှ စက်လှ၊ ဘုတ်များနှင့် ပို့ဆောင်သကဲ့သို ကုန်းကြောင်းမှ ကားများဖြင့်လည်း ပိုဆောင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စ၍ ရက္ခိုင်တွင် တိုက်ပွဲများ စတင်ကာ စတင်ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့သကဲ့သို့ မောင်တောမြို့မှ မြို့ခံများကိုလည်း လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားခဲ့ကြောင်း မြို့ခံများက ဆိုကြသည်။

အကြမ်းဖက်စစ်ကောင်စီသည် အကြမ်းဖက်မူဆလင်များကို လက်နက်တပ်ဆင်ပေးခဲ့ပြီး မြို့ခံပြည်သူများကို အကြမ်းဖက် သတ်ဖြတ်မှုနှင့် နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွင်း ခိုးယူရာတွင် အဓိက လက်မဲကြီးဖြစ်ကြောင်း အမှတ် ၄ ရပ်ကွက်၌ ပိတ်မိနေခဲ့သည့် ဟိန္ဒူအမျိုးသား ဦးရာဇူက ပြောသည်။

“လက်နက်ကိုင်ဆောင်ထားတဲ့ ဆယ်ကျော်သက် မူဆလင်တွေက ပိုပြီး ကြောက်စရာကောင်းတယ်။ အဖေအရွယ်လောက်ရှိတဲ့ သူတွေကို ဖမ်းဆီးပြီး ခြေနဲ့ ကန်တယ်၊ သတ်ဖြတ်တယ်။  တချို့သူတွေဆို ဖမ်းသွားတာ အခုထိ ပြန်မလွတ်သေးဘူး။ စစ်ကောင်စီကို သွားတိုင်ရင်လည်း ငါတို့နဲ့မဆိုင်ဘူး၊ မူဆလင်စစ်သားတွေကို သွားပြောကြတဲ့။ ကျနော်တို့ တကယ့်ကို ကူရာမဲ့ ကယ်ရာမဲ့ ဖြစ်ခဲ့ရပါတယ်” ဟု ဆိုသည်။

မောင်တောမြို့၌ အကြမ်းဖက်စစ်ကောင်စီသည် သွားလာခွင့်နှင့် စားနပ်ရိက္ခာများ ဝယ်ယူခွင့်ကို ရက္ခိုင်နှင့် ဟိန္ဒူလူများအား ပိတ်ပင်ခဲ့ကြောင်း အမှတ် ၅ ရပ်ကွက်မှ ဦးအာဘူကာလိပ်က ဆိုသည်။

“စစ်ကောင်စီဟာ သူတို့နဲ့ အပေါင်းပါ မူဆလင်တွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးတယ်၊ ဈေးဝယ်ခွင့် ပေးတယ်။ ကျနော်တို့ မူဆလင်တွေ ဝယ်ရင် ဆန်တစ်ပြည်ကို ၆ထောင်ဆို ရက္ခိုင်နဲ့ ဟိန္ဒူတွေ ဝယ်ရင် ၁သောင်းခွဲအထိ တောင်းယူပါတယ်” ဟု ဆိုသည်။

လက်ရှိအချိန်တွင် မောင်တောမြို့ တစ်ခုလုံးနီးပါးကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး လက်ကျန်တပ်စခန်းဖြစ်သည့် မြိုသူကြီး နခခ ၅ ရဲတပ်ရင်းကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

(မှတ်ချက်-စစ်ဘေးရှောင်စာရင်းများအား ဖော်ပြရာတွင် စာရင်းမှားယွင်းစွာ ဖော်ပြခဲ့မိသည့်အတွက် ပြန်လည် ပြုပြင်ထားပါသည်။)

https://www.facebook.com/arakanbaynewsinfo/posts/122163300032180219

Leave a Reply

Your email address will not be published.