By Narinjara / 2024 August 1

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ARSA လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်၍ ကျောင်းဆရာမတစ်ဦးနှင့် အမျိုးသား ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိ သွားကြောင်း သိရသည်။
သေဆုံးသူများမှာ ဘူးသီးတောင်မြို့၊ အမှတ် (၄)ရပ်ကွက်မှ ကျောင်းဆရာမ ဒေါ်စိန်လှဖြူ(၅၅)နှစ်၊ ဦးကျော်မင်း(၅၅)နှစ်၊ ဦးဇော်ဇော်မင်း(ခ)ရွှေသက်ကို(၃၅)နှစ်၊ ကိုအောင်မြတ်စံ(၂၅)နှစ်နှင့် ကိုအောင်မျိုးစံ(၂၅)နှစ်တို့ဖြစ်ကြသည်။
ကျောင်းဆရာမ ဒေါ်စိန်လှဖြူနှင့် ဦးကျော်မင်းတို့သည် လင်မယား ဖြစ်ကြပြီး ကိုအောင်မြတ်စံနှင့် ကိုအောင်မျိုးစံတို့မှာ ညီအစ်ကိုများဖြစ်ကြသည်။
ဒဏ်ရာရရှိသူများမှာလည်း ယင်းရပ်ကွက်မှ ကိုမျိုးသန်းရှိန်(၂၇)နှစ်နှင့် ဦးမောင်မောင်ချေ(၄၄)နှစ်တို့ဖြစ်သည်။
သူတို့သည် ယမန်နေ့ ဇူလိုင်လ ၃၁ ရက်၊ ညနေ ၄ နာရီခန့်တွင် ဘူးသီးတောင်မြို့မှ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြိမ်းချောင်းသို့ SKAT ယာဥ်နံပါတ် 7K(အဖြူရောင်)ဖြင့် သွားရောက်စဉ် မောင်တောမြို့နယ်၊ ရွှေတောင်ရွာနှင့် ကျီးကန်းပြင်တောင်ရွာကြား ၃/မိုင်-ကျီးကန်းပြင်ကားလမ်းမပေါ်တွင် ARSA အဖွဲ့မှ အသင့်စောင့်ဆိုင်းကာ သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံး၊ ဒဏ်ရာရသွားကြခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံ တစ်ဦးက “မနေ့က မိုးကလည်း တော်တော်လေးရွာတယ်။ သေနတ်ပစ်သံတွေလည်း မကြားလိုက်ရဘူး။ ကျွန်တော်တို့ နည်းနည်း ဝေးတယ်။ ဖြစ်တဲ့နေရာက။ နောက်မှသိရတာက ကုန်သည်ကားတစ်စီးကို ကျီးကန်းပြင်တောင်ရွာ အနီးမှာ ARSA က သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ သိရတယ်။ အမျိုးသမီးတစ်ဦး အပါအဝင် ၅ ဦး ပစ်သတ်ခံရတယ်။ နောက်(၂) ဦးက ထွက်ပြေးပြီ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်”ဟု ပြောသည်။
အဆိုပါ သတ်ဖြတ်မှုအား အာရက္ခတပ်တော်(AA)၏ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက နိရဥ္စရာကို တည်ပြုပြောသည်။
ဦးခိုင်သုခက “သူတို့က ဘူးသီးတောင်မြို့နယ်၊ ကံ့ကော်မြိုင်ရွာကနေ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာသို့ ကုန်ပစ္စည်းတွေ ဝယ်ယူဖို့သွားချိန်မှာ အခုလိုပစ်သတ်ခံရတာ ဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိတွင် သတ်ဖြတ်သွားသည့် အကြမ်းဖက် ARSA အဖွဲ့ဝင်များကို အာရက္ခတပ်တော်(AA)က လိုက်လံရှာဖွေနေကြောင်း သိရသည်။
ရွှေဇားမှ ဒေသခံ မွတ်ဆလင်တစ်ဦးက ” ကျွန်တော်တို့ကိုလည်း ဒီ အာဆာတွေက ဖမ်းဆီးပြန်ပေးဆွဲတာ၊ ငွေတောင်းတာ၊ သတ်ဖြတ်တာတွေ လုပ်နေပါတယ်။ မွတ်ဆလင်တွေကိုလည်း သူတို့ မကြာမကြာ ပြန်ပေးဆွဲ ငွေတောင်းပါတယ်။ ဒီလို အပြစ်မရှိတဲ့ အရပ်သားတွေကို သတ်ဖြတ်တာကို ကျွန်တော်တို့လည်း လက်မခံပါ။ ကျွန်တော်တို့က ဒီမှာ အေးချမ်းစွာနေထိုင်လိုသူတွေပါ ” ဟု ပြောကြားသည်။
ယခု တိုက်ခိုက်ခံရသူ ၇ ဦးသည် ဘူးသီးတောင်မြို့၊ အမှတ်(၄)ရပ်ကွက်မှ ဘူးသီးတောင်မြို့နယ်၊ ကံ့ကော်မြိုင် ကျေးရွာ၌ စစ်ဘေးရှောင်နေကြသူများဖြစ်ကြသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်၊ နံနက် ၁၁ နာရီကလည်း ဘူးသီးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင်နေထိုင်သည့် ခမီလူမျိုး ၇ ဦးသည် ကယ်ဆယ်ရေး စခန်းမှနေ၍ တောတောင်ထဲသို့ မျှစ်သွားချိုးရန် ထွက်သွားကြပြီးနောက် သတ်ဖြတ်ခံရ၍ သေဆုံးခဲ့ရသည်။
သူတို့ကို စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ARSA အစွန်းရောက် လက်နက်ကိုင်များက သတ်ဖြတ်သွားကြောင်း အာရက္ခတပ်တော် (AA) ဇူလိုင်လ ၂၁ ရက်တွင်ထုတ်ပြန်ထားသည်။
သတ်ဖြတ်ခံရသူ ၇ ဦးအထဲမှ ဦးဦးလှထွန်း၊ ဦးကျော်လှ နှင့် ဦးမောင်ထွန်းတို့ (၃) ဦး၏ ရုပ်အလောင်းများအား ဇူလိုင်လ ၁၉ ရက်၊ မွန်းတည့် (၁၂)နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နောက်ထပ် အခြားသော (၄)ဦးဖြစ်သည့် ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦးနှင့် ဦးကြာထွန်းဦးတို့ကိုလည်း ဇူလိုင်လ (၂၀)ရက်၊ နေ့လယ် (၁)နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီး၌ ဓါးဒဏ်ရာများနှင့် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု AA က ဆိုထားသည်။