By Western News / 2024 August 9
(မှတ်တမ်းသတင်း)
ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ စနဲမြို့သည် ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကို တစ်ရက်တည်း နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရသည်။
နံနက် ၈ နာရီကျော်တွင် တစ်ကြိမ်နှင့် နေ့လယ်ပိုင်းတွင်တစ်ကြိမ် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံး ၈ လုံးထက်မနည်းကို ကြဲချခဲ့သည်။
ယခု ဗီဒီယိုဖိုင်သည် မေလ ၈ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့နယ် စနဲမြို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မြင်ကွင်းဖြစ်ပြီး စစ်ကောင်စီ လော်ဘီများက ယနေ့တွင် လူမှုကွန်ရက်စာမျက်နှာများ၌ ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေကြသည်။
ယင်းအချိန်တုန်းက စစ်ကောင်စီ ထုတ်ပြန်ရေးစာမျက်နှာများနှင့် စစ်လော်ဘီများက စနဲမြို့အား AA တိုက်ခိုက်သည်ဟု စွပ်စွဲပြောဆို သတင်းအမှားများ ဖြန့်ဝေခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီမှ စနဲမြို့အား ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်လော်ဘီများက ပြန်လည်ပြောဆိုလာကြသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စနဲမြို့က အသက် ၃၀ အရွယ် မမျိုးသန္တာဝင်း သေဆုံးသွားပြီး အသက် ၅၀ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
ယင်းအပြင် စနဲမြို့မဈေး၊ ဈေးဆိုင်ခန်းများ၊ စာတိုက်၊ လူနေအိမ်များနှင့် ကားဂိတ်ဝန်း စသဖြင့် အဆောက်အဦးများစွာ မီးလောင်ရှုံးဆုံးခဲ့ရပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စနဲမြို့ကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် AA ထိန်းချုပ်ရာ မြို့နယ်များ၊ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာမြို့နယ်များနှင့် တိုက်ပွဲဇုန်မဟုတ်တော့သည့် မြို့ရွာများကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကို နေ့စဉ်ကျူးလွန်နေ၍ စစ်ကောင်စီအား ဟန့်တားပေးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က တရုတ်နှင့် နိုင်ငံတကာကို တောင်းဆိုထားကြသည်။