မောင်တောနှင့် သံတွဲ ရေတပ်တို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်ဆဲဖြစ်
By Arakan Bay News / 2024 August 29

မောင်တောမြို့နှင့် သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်စခန်းတို့တွင် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း AA က ထုတ်ပြန်လိုက်သည်။
မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ နောက်ဆုံးခံတပ် နခခ (၅) တစ်ခုသာ ကျန်ရှိပြီး မြို့ထဲတွင် နေရာယူတိုက်ခိုက်နေခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း နခခ ၅ အတွင်းသို့ ဝင်ရောက်ကာ ခုခံနေကြဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
“ဖက်ဆစ်စစ်ကောင်စီနှင့် အပေါင်းအပါများသည် မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော ၎င်းတို့၏ နခခ (၅) စခန်းအတွင်းသို့ ဆုတ်ခွာသွားပြီး ၎င်းစခန်းမှ လက်နက်ကြီးများအပြင် ဓာတုအဆိပ်ဓာတ်ငွေ့များပါသော ဗုံးများအား အသုံးပြု၍ တိုက်ခိုက်ခြင်းများကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် ပြုလုပ်ခဲ့သည်” ဟုထုတ်ပြန်သည်။
စစ်ကောင်စီနှင့် မူဆလင်လက်နက်ကိုင် အဖွဲ့များသည် မောင်တောမြို့တွင်းမှ ဆုတ်ခွာစဥ် ၎င်းတို့ စခန်းချကာ ခုခံစစ်လုပ်ခဲ့သည့် နေအိမ်၊ တိုက်တာများ၊ အဆောက်အဦးများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
“မောင်တောမြို့အတွင်းမှ ဆုတ်ခွာထွက်ပြေးနေစဉ်အတွင်း၌လည်း ၎င်းတို့စခန်းချကာ ခုခံစစ်ဆင်နွှခဲ့သော တိုက်တာအဆောက်အဦးတို့အား မီးရှိဖျက်ဆီးခဲ့ကြသည်။” ဟုဖော်ပြထားသည်။
ထို့အပြင် သံတွဲမြို့နယ်တွင်ရှိသည့် စစ်ကောင်စီတပ်၏ ရေတပ်စခန်းတစ်ခုဖြစ်သည့် မောင်ရွှေလေး ရေတပ်စခန်းအား အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားလျက်ရှိသော်လည်း စစ်ကောင်စီဖက်က အင်အား ထပ်မံဖြည့်တင်းမှုရှိနေ၍ နှစ်ဖက် တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း ဆိုသည်။
“ရန်သူသည်လည်း မောင်ရွှေလေးရေတပ်မကျစေရေးအတွက် စစ်ကူများ၊ လက်နက်အင်အား၊ ရေတပ်စစ်သင်္ဘောအရေအတွက်များကို ထပ်မံဖြည့်တင်းပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အသည်းအသန် ခုခံလျက်ရှိသည့်နည်းတူ အာရက္ခတပ်တော်မှလည်း အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ကျိန္တလီ၊ ဂွ နှင့် အဆိုပါဒေသများနှင့်ဆက်စပ်နေသော နေရာများ၌ တိုက်ပွဲများပြင်းထန်နေခဲ့သည်။” ဟု သိရသည်။
ထို့အပြင် မောင်တောမြို့ထဲ၌ စစ်ကောင်စီနှင့် အကြမ်းဖက် မူဆလင် လက်နက်ကိုင်အဖွဲ့များ၏ လူဒိုင်းကာအဖြစ် ပိတ်လှောင်ခံထားရသည့် မြို့ခံပြည်သူ ၂၆၀၀၀ နီးပါးကို အာရက္ခတပ်တော် အေအေ က ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
https://www.facebook.com/arakanbaynewsinfo/posts/122167099604180219