“စစ်တွေမှာတိုက်ပွဲဖြစ်ပြီဆိုရင် အရပ်သားတွေကို သေနတ်ပေးတဲ့အဆင့်အထိ ဖြစ်နိုင်ပါပြီး လူမျိုးရေး၊ ဘာသာရေးပြဿနာတွေရှုပ်ထွေးသွားနိုင်ပါတယ်။”

(စစ်တွေမှ လူမှုရေးတက်ကြွလှုပ်ရှားသူ မွတ်ဆလင်လူငယ်တစ်ဦးနဲ့ အင်တာဗျူး)

By Narinjara / 2024 August     1

ရခိုင်ပြည်အတွင်း ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားပြီးနောက် ရခိုင်ပြည်အတွင်း ပြည်မနှင့် ဆက်သွယ်သည့် လေကြောင်းလိုင်းမှအပ ကုန်းလမ်း၊ ရေလမ်းများအားလုံးကို စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားခဲ့သည်၊၊

လက်ရှိမှာ အာရက္ခတပ်တော်( AA )က ပလက်ဝအပါအဝင် မြို့နယ် ၉ ခုကို သိမ်းပိုက်ထားပြီးဖြစ်သော်လည်း စစ်တွေ၊ ကျောက်ဖြူနှင့် မြို့အချို့တို့မှာ စစ်ကောင်စီထိန်းချုပ်မှု အောက်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။ စစ်ကောင်စီထိန်းချုပ်မှု လက်အောက်ရှိ အဆိုပါမြိုများမှာ အဝင်အထွက် သွားလာခွင့်မျာကို တင်းတင်းကျပ်ကျပ်ကန့်သတ်ခံထားသည်။ တချိန်တည်းတွင် စစ်ကောင်စီတပ်ကလည်း အဆိုပါ မြို့များတွင် ဒေသခံများကိုလည်း မတရားဖမ်းဆီးမှုများ၊ သတ်ဖြတ်မှုများ ၊ ငွေညှစ်မှုများ လုပ်ဆောင်လျက်ရှိသည်။ ပြည်သူများမှာ အဆိုပါ အကျပ်အတည်းကိုသာမက ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေးအခက်အခဲများကို ဆိုးဝါးစွာ ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ယခုကဲ့သို့ အခြေအနေများကြောင့် စစ်ကောင်စီလက်အောက်ရှိ ပြည်သူများမှာ  မြို့ကိုစွန့်ခွာပြီး အေအေထိန်းချုပ်ရာ နယ်ဒေသများနှင့် ပြည်မဘက်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြ‌သည်။ သို့သော်လည်း ငွေကြေး မတတ်နိုင်သူများနှင့်​  အခြေခံလက်လုပ်လက်စားပြည်သူများမှာ မည်သည့်နေရာသို့မှ တိမ်းရှောင်နိုင်ခြင်း မရှိဘဲ ၎င်းတို့၏ မူလနေရာများတွင် ကြောက်ကြောက်လန့်လန့်နှင့် နေထိုင်နေကြရသည်။ 

ရခိုင်ပြည်နယ် စစ်တွေမြို့မှ မွတ်ဆလင်အများစုမှာမူ စစ်ကောင်စီ၏ စစ်သားစုဆောင်းမှု၊ ဖမ်းဆီးမှု၊ ငွေညှစ်မှုများအပြင် စားဝတ်နေရေးကျပ်တည်းမှု အခြေအနေများကို ဆိုးရွားစွာ ရင်ဆိုင်နေရသော်လည်း မည်သည့်နေရာကိုမှ စစ်ပြေးရှောင်နိုင်ခြင်းမရှိဘဲ မိမိတို့၏ နေအိမ်များတွင် နေထိုင်နေကြရသည်။ 

အထူးသဖြင့် မွတ်ဆလင် လူဦးရေ၏  ၉၉ % မှာ အထောက်အထားမရှိသည့်အတွက် ရန်ကုန်အပါအဝင် မည်သည့်နေရာကိုမှ ထွက်ခွာသွားလာ၍ မရသလို နယ်သို့ တိမ်းရှောင်နိုင်ရန်လည်း အခက်အခဲများစွာရှိနေသည်ဟု သိရသည်။ သို့အတွက် စစ်တွေမြို့တွင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု အပါအဝင် အတင်းအဓမ္မ စစ်သားစုဆောင်းမှုများကြားတွင် စိုးရိမ်ထိတ်လန့်ဖွယ်ရာ နေထိုင်နေကြရသည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းက ပြောသည်။

စစ်တွေမြို့ လက်ရှိအခြေအနေနှင့် ဒေသခံမွတ်ဆလင်များ၏ အခက်အခဲများကို သိရှိနိုင်ရန် နိရဉ္စရာသတင်းဌာနမှ အကြီးတန်းသတင်းထောင် မအေးမြတ်ခိုင်က စစ်တွေမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ မွတ်ဆလင် လူငယ်တစ်ဦးကို ဆက်သွယ်မေးမြန်ပြီး တင်ပြလိုက်ပါသည်။

မေး- ပထမဆုံးအနေနဲ့ စစ်တွေမြို့ရဲ့ အခြေအနေကို ပြောပြပေးပါ။
ဖြေ-လူတွေကတော့ တချို့ရှိကြပါသေးတယ်။ မြို့ကထွက်သွားတဲ့ဒေသခံတွေဟာ သူတို့မှာ ပိုက်ဆံရှိတယ်ဆိုရင် တော့ သွားလို့ရတယ်။ ဒါပေမယ့် ပိုက်ဆံရှိတိုင်းလည်းမဖြစ်သေးဘူး။ နိုင်ငံသားကတ်တို့ ဘာတို့ရှိမှ ရမယ်။ ဒါကြောင့် မွတ်စလင်တွေအထဲမှာတော့ သွားလို့ရတဲ့ လူက အရမ်းနည်းပါတယ်။ မှတ်ပုံတင်ရှိတဲ့သူက တော်တော်နည်းတာကို။ အများစုကတော့ ကျန်ပါသေးတယ်။ တွက်ကြည့်ရင် ရန်ကုန်ကို သွားတာက ၁ ရာခိုင်နှုန်း လောက်တောင် ရှိမှာမဟုတ်ပါဘူး။ မြို့အခြေအနေကကျတော့ ရခိုင်ရွာတွေဘက်မှာ လူတွေသိပ်မရှိကြတော့ဘူး။ လူမရှိတော့ အဲ့ဒီဘက်မှာ လူလွတ်နေတဲ့ပုံစံမျိုးပေါ့။ အဲ့ဒါကြောင့် ရခိုင်ရွာတွေဘက်မှာ ဖောက်ထွင်းမှု၊ ခိုးမှုစတဲ့ ရာဇဝတ်မှုတွေပိုပြီးများ လာပါတယ်။ ရာဇဝတ်မှုတွေများလာတာကတော့ စစ်တွေတစ်မြို့လုံးပါပဲ။ ရခိုင်ရွာတွေမှမဟုတ်ဘူး။ မွတ်စလင်ရွာတွေမှာလည်း ဒီလိုပါပဲ။ ခိုးမှုတွေ အရမ်းများလာပါတယ်။ စစ်ကောင်စီနဲ့ သူ့အောက်မှာရှိနေတဲ့ တချို့အဖွဲ့အစည်းတွေ လုပ်ကြတာ ဖြစ်ပါတယ်။

မေး- စစ်တွေနဲ့ ကျောက်ဖြူက ဒေသခံတွေကို စစ်ကောင်စီက ပြည်သူတွေကို လူသားဒိုင်းကာ ပြုလုပ်လာနိုင်တာကြောင့်  မြို့ကနေ ထွက်ခွာကြဖို့ တတ်နိုင်သလောက် ရှောင်ကြဖို့ AA ကလည်း သတိပေးထားတာတွေလည်းရှိနေတယ်။ လက်ရှိအခြေအနေတွေအရ မြို့ကနေထွက်ဖို့ရော ဖြစ်နိုင်ခြေရှိပါသလား။ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ- ထွက်ပြေးဖို့ကဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဘာလို့လဲဆိုရင် စစ်ကောင်စီက စစ်တွေမြို့တစ်ခုလုံးကို ပတ်ပတ်လည်း လုံခြုံရေးယူထားလိုက်ပြီ။ စစ်တွေက လူတွေဟာ လေကြောင်းတစ်ခုကလွဲရင် တခြားနည်းလမ်းတွေနဲ့ တခြားမြို့တွေကို ထွက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ထွက်ချင်ရင် လေယာဉ်နဲ့ ရန်ကုန်ကိုရှောင်မှရမယ့်အနေအထားဖြစ်ပါတယ်။ တခြားမြို့နယ်ကိုတော့ လုံးဝသွားလို့ မရပါဘူး။ ထွက်ပြေးမယ်ဆိုရင်တောင် ကျွန်တော်တို့စိုးရိမ်တာက စစ်တွေဆိုတာ မြို့တော်လည်းဖြစ်တယ်။ စစ်ကောင်စီဘက်က တခြား မြို့နယ်တွေမှာ မလုပ်ဖူးတဲ့ တုံ့ပြန်မှုတွေကို စစ်တွေမှာ လုပ်လာမှာစိုးတယ်။ အဓိက ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေကို ဖန်တီးလာနိုင်တယ်။ ဒါတွေကို ကျွန်တော်တို့စဉ်းစားတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာက ဘယ်အထောက်အထားမ မရှိတဲ့ အတွက် ဘယ်နေရာကိုမှ ထွက်လို့မရဘူး။ ရန်ကုန်ကိုသွားမယ်ဆိုလည်း သွားလို့မရဘူး။

မေး- အခုလို မြို့ထဲပိတ်မိနေတဲ့အတွက် နောက်ပိုင်းမှာ ဘယ်လိုအခက်အခဲမျိုးတွေ ရှိလာနိုင်လဲ။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် ဘယ်လိုရင်ဆိုင်ရနိုင်လဲ။

ဖြေ- အထူးသဖြင့် အခုက အလုပ်လက်မဲ့တွေများလာတယ်။ တချို့လက်လုပ်လက်စား လူတွေဆိုရင် စစ်တွေမြို့ပေါ်နဲ့ ရခိုင်ရွာတွေမှာ သွားပြီးတော့ အလုပ်လုပ်ရတာဖြစ်ပါတယ်။ အခုကျတော့ လူအများစုက မြို့မှာမရှိကြတော့ဘူး ဆိုတော့ အလုပ်လုပ်လို့ အဆင်မပြေကြဘူး။ နောက်တစ်ခု ပိုဆိုးတာက လူတွေအားလုံးအခက်အခဲဖြစ်နေကြတော့ အလုပ်သမားခေါ်တာ အရမ်းနည်းတယ်။ တခြားစီးပွားရေးအလုပ် တွေကလည်း အဆင်မပြေကြဘူး။ ကုန်ပစ္စည်းတွေကလည်း ရန်ကုန်က သွင်းလို့ရရင်ရ မရရင် ပစ္စည်းတွေက ရန်ကုန်ကမဝင်တာနဲ့ ရက်ချင်းဈေးတက်တယ်။ ဆန်တစ်အိတ်ကို ပုံမှန်တစ်သိန်းခွဲလောက်ရှိရင် ရန်ကုန်ကသင်္ဘောအဝင် ၂ရက်လောက် နောက်ကျတာနဲ့ ၂သိန်းခွဲ ၃သိန်း ချက်ချင်းဖြစ်သွားတယ်။ ဒီလိုကြောင့် လူတွေကလည်း အလုပ်လက်မဲ့ဖြစ်နေကြတော့ စားဝတ်နေရေးအရမ်းခက်ခဲကြပါတယ်။ စားဝတ်နေရေး အခက်အခဲ ဖြစ်ကြတော့ အရင်ကလို လူတွေရဲ့စိတ်အခြေအနေကလည်း မူမမှန်တော့ဘူး။ နောက်ဆက်တွဲအနေနဲ့ အမျိုးသမီးတွေ အတွက် ဆိုရင် အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုပြီးတိုးလာတယ်။ နောက်ပြီးအမျိုးသမီးတွေမှာ လိုအပ်တဲ့ လိုချင်တဲ့  အသုံးအဆောင်ပစ္စည်းတွေကို ဝယ်လို့လည်း အဆင်မပြေဘူး။ ပစ္စည်းရှိရင်တောင်မှ ပိုက်ဆံမရှိလို့ မဝယ်နိုင်တဲ့ အနေအထားတွေရှိတယ်။ အခုလိုအခြေအနေကြောင့် အဓိက ထိခိုက်တာကတော့ နာတာရှည်ရောဂါသည်တွေ ပိုပြီးထိခိုက်မှုရှိကြတယ်။ ဘာလို့လဲဆိုတော့ ဆေးတွေက ပုံမှန်မပေးသွင်း ဘူးလေ။ စစ်တွေကို ဆေးတင်ပို့ခွင့် မပေးဘူး။ ဆေးတွေကလည်း အရင်က ၂ထောင်ဆိုလျှင် အခုက ၂သောင်း၊ ၂ သောင်း၅ထောင် အထိရှိပါတယ်။ ဒီလောက်အခက်အခဲတွေကြားထဲမှာ စစ်တပ်နဲ့  ALP က မြို့ထဲမှာ ဂိတ်တွေဖွင့်ပြီး  စစ်ဆေးတယ်။ ဖမ်းတယ်။ ငွေညှစ်တာတွေ၊ နှိပ်စက်တာကို နေ့စဉ်ဆိုသလို ကျနော်တို့ ခံနေကြရပါတယ်။ ဒါဟာ တကယ်ကို စိတ်ထိခိုက်စရာကိစ္စတွေ ဖြစ်ပါတယ်။

မေး- တကယ်လို့စစ်တွေမြို့သိမ်းတိုက်ပွဲဖြစ်လာရင်ဆိုတဲ့ စိုးရိမ်စိတ်တွေရောရှိကြလား။

ဖြေ- ရှိကြပါတယ်။ ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရိုဟင်ဂျာတွေဆီက ပြည်သူ့စစ်တွေ ပေးထား ရတာတွေ ရှိပါတယ်။ ကျွန်တော်တို့ စုံစမ်းသိရှိထားသလောက်ဆိုရင် ပြည်သူ့စစ်ဟာ ၃ထောင်ကျော်လောက် အထိ ဖြစ်နေပါပြီ။ အဲ့ဒီအထဲမှာမှ စစ်တွေမှာက ဘယ်လိုအခြေအနေရှိလဲဆိုရင် ကျွန်တော်တို့တွေ နေထိုင်တဲ့ နေရာတွေကဆိုရင် တဖက်မှာ ရိုဟင်ဂျာတွေတဖက်မှာ ရခိုင်ဖြစ်နေတယ်။ ဘုမေကနေ ဟိုဘက်ကို သွားမယ်ဆိုရင် အကုန်လုံးမွတ်ဆလင်တွေ၊ ဘုမေကနေ နောက်တဖက်ကိုသွားမယ်ဆိုရင် အကုန်လုံးရခိုင်တွေ ဖြစ်တယ်။ စစ်တပ် တပ်စခန်းတွေအများစုရှိနေတာကလည်း မွတ်စလင်ရွာတွေနဲ့ကပ်ပြီးရှိနေတယ်။ တချို့ တပ်စခန်းတွေကို စစ်ကောင်စီက စွန့်ခွာသွားတာတွေ ရှိကြပေမယ့် တကယ်လို့ စစ်ပွဲဖြစ်လာမယ်ဆိုရင် ရွာတွေပေါ့လေ။ ဥပမာဆိုရင် ဘုမေဆိုရင် တဖက်မှာ တက္ကသိုလ်ရှိမယ်။ ၃၆ တပ်ရင်းရှိတယ်။ နောက်တဖက်မှာ ဆိုရင် လေယာဉ်ကွင်းရှိတယ်။ ဘာဆာရွာဆိုရင်လည်း တဖက်မှာ လေယာဉ်ကွင်းရှိတယ်။ နောက်တဖက်မှာ ပြည်နယ်အစိုးရရဲ့ အိမ်ရာတွေရှိတယ်။ သက္ကယ်ပြင်ဆိုရင်လည်း အဲ့လိုပဲ သူရှေ့မှာဆိုရင် ဒကစရှိတယ်။ တပ်ရင်း အကြီးတွေအားလုံးဟာ မွတ်စလင်ရွာတွေနဲ့ ကပ်နေတယ်။ ဒါတွေကြောင့် တကယ်လို့သာ စစ်ဖြစ်လာပြီဆိုရင် ဒီဘက်မှာက လူမှုကူညီရေးအသင်းတွေသိပ်မရှိဘူး။ ဒါဆို ဒုက္ခသည်ဖြစ်လာမယ့်လူတွေကို ဘယ်သူတွေက ကူညီမလဲပေါ့။ နောက်ပြီး ပိုဆိုးတာက  စစ်ကောင်စီက သူတို့နဲ့ပူးပေါင်းဖို့ပြောလို့ မပူးပေါင်းဘူးဆိုရင် ရွာကို အနှောင့်အယှက်လုပ်မယ်။ ရန်ရှာမယ်။ တပ်တော်ဘက်ကလည်း အဲ့လို ပူးပေါင်းတဲ့အတွက် ကျွန်တော်တို့ကို အပြစ်မြင်လာနိုင်တယ်။ သူတို့ကို မပူးပေါင်း မထောက်ခံရင် တပ်တော်က အဲ့လို လုပ်လာမလား။ လောလောဆယ် တပ်တော်က စစ်တွေကို မရောက်သေးပေမယ့်  ဒါတွေကြောင့် စိုးရိမ်မှုတွေကတော့ အရမ်းများပါတယ်။

မေး- စစ်ပွဲတွေဖြစ်လာရင် ဘူးသီးတောင်၊ မောင်တောမှာလိုရော လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ထင်လား။ စစ်တွေမှာက အခြားဒေသတွေမှာလို ရခိုင်လက်နက်ကိုင် AA တစ်ခုတည်းမဟုတ်ဘဲ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ရခိုင်၊ မွတ်ဆလင် လက်နက်ကိုင်တွေ လည်းရှိနေတယ်ဆိုတော့ ဘယ်လို အခြေအနေတွေ ရှိလာနိုင်တယ်လို့ ထင်လဲ။

ဖြေ- စစ်တွေမှာ ALP လို အဖွဲ့အစည်းတွေရှိလို့ ပိုပြီးရှုပ်ထွေးနိုင်တယ်။ ပိုဆိုးတာက ရိုဟင်ဂျာ ပြည်သူ့စစ်တွေနဲ့ ALP အဖွဲ့တွေပေါ့လေ။ သူတို့တွေဟာ စစ်တပ်ဘက်ကနေ ရပ်တည်ပေးတဲ့အဖွဲ့အစည်းတွေပေါ့လေ။ တကယ်လိုများ စစ်တပ်က ALP ကို အခု အသုံးချနေသလိုမျိုး ဒေသမတည်မငြိမ်ဖြစ်အောင် မွတ်ဆလင် လက်နက်ကိုင်တွေကို အသုံးချမှုတွေ၊ ခိုးမှုတွေ၊ အကြမ်းဖက်မှုတွေလုပ်ဖို့ အသုံးချမယ်ဆိုရင် အခြေအနေဟာ အခုထက်ပိုပြီး ရှုပ်ထွေးနိုင်ပါတယ်။ ပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း တကယ်လို့များ စစ်တွေမှာ တိုက်ပွဲဖြစ်ပြီဆိုရင် အရပ်သားတွေကို သေနတ်ပေးတဲ့ ကဏ္ဍအထိ ဖြစ်နိုင်ပါတယ်။ စစ်တပ်မှာလည်း သူတို့ဘက်တော်သားတွေ လိုတယ်ပေါ့လေ။ အဲ့ဒီလိုဖြစ်ပြီဆိုရင်တော့ Community Base Security  ပေါ့လေ။ ပြောရမယ်ဆိုရင်တော့ ရွာသားတွေကို အသုံးချပြီး ရွာကိုကာကွယ်မယ်ဆိုတဲ့သဘောတွေဖြစ်လာနိုင်တယ်။ အဲ့လို System ကို စစ်တပ်က သုံးလာမယ်ဆိုရင် အရမ်းကို လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေရှုပ်ထွေးသွားနိုင်တယ်။  စစ်ကောင်စီကလည်း စစ်တွေကို ယုတ်မာတဲ့နည်းလမ်းတွေသုံးလာနိုင်တယ်။ ဒါကြောင့် တော်တော်ကို ရှုပ်ထွေးနိုင်တယ်လို့ ထင်ပါတယ်။


မေး- တကယ်လို့ အခုလိုအခက်အခဲမျိုးသာ ဖြစ်လာမယ်ဆိုရင် ကျင်းထဲကျပ်ထဲမှာ နေနေရတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ဘာများပြောချင်တာမျိုးရှိလဲ။ ဘယ်လိုမျိုးဖြစ်စေချင်လဲ။

ဖြေ- တိုက်ပွဲကိစ္စနဲ့ပြောရရင် ပထမဆုံးတစ်ခုက စစ်တွေမြို့မှာ ဖြစ်ပြီဆိုရင် စစ်တပ်အချင်းချင်းပဲတိုက်သင့်ပါ တယ်။ ပြည်သူလူထုတွေ၊ ပြည်သူလူထုတွေနေထိုင်တဲ့အဆောက်အဦတွေ၊ ရွာတွေပေါ့လေ။ ဒီနေရာတွေမှာ တိုက်ပွဲမဖော်သင့်ပါဘူး။ တကယ်လို့ တိုက်ပွဲဖော်မယ်ဆိုရင်တောင် ဒေသခံတွေလွှတ်အောင် ကြိုပြီးအသိပေး စီစဉ်သင့်ပါတယ်။ နောက်ပြီးစစ်တပ်တွေအနေနဲ့ စစ်တပ်ဆိုတာကတော့ လက်နက်ကိုင်အားလုံးကို ဆိုလိုတာပါ။ သူတို့အနေနဲ့ ပြည်သူလူထုတွေ နစ်နာမှုအနည်းဆုံးဖြစ်အောင် တိုက်သင့်ပါတယ်။ စစ်တပ်အနေနဲ့ AAကို တုံ့ပြန်ချင်တယ်ဆိုရင်လည်း AAကိုပဲ တုံ့ပြန်ပေါ့။ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တာမျိုးတွေ၊ ဗုံးကြဲတာမျိုးတွေ မလုပ်သင့်ပါဘူး။ အဓိက ကဒါပါပဲ။ နောက်တစ်ခုကကျတော့ တိုက်ပွဲဖြစ်လာပြီဆိုတာနဲ့ စစ်တွေကနေ ထွက်ပြေးလို့ရမယ့် အနီးဆုံးနေရာကကျတော့ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းဖြစ်တယ်ပေါ့လေ။ တကယ်လိုများ ဒီမှာ လူတွေကို နေဖို့ မသင့်တော်တော့ဘူးဆိုရင် လူတွေထွက်ပြေးလို့ရမယ့် လမ်းကြောင်းတွေကို လုပ်ပေးသင့်တယ်လို့ထင်တယ်။ တိုက်ပွဲတွေနဲ့ ပတ်သက်လာရင်တော့ ဒီ ၂ချက်က အရေးအကြီးဆုံးလို့ ထင်ပါတယ်။

မေး- ခုတက ပြောခဲ့တာနဲ့ဆက်စပ်ပြီး မေးချင်တာက စစ်ကောင်စီက လက်ရှိတိုက်ပွဲမဖြစ်ပွားသေးတဲ့ အခြေအနေမှာတောင် မြို့ထဲက ဒေသခံတွေ ထွက်သွားလို့မရအောင် ပိတ်ဆို့ထားတာဆိုတော့ စစ်ပွဲဖြစ်လာရင် စစ်ကောင်စီက ဒေသခံတွေကို ရွှေ့ပြောင်းခွင့်ပေးမယ့် အနေအထားရှိနိုင်ပါ့မလား။ AA အနေနဲ့ကရော စစ်တပ်ပိတ်ဆို့ထားတဲ့ကြားက ဒီလောက်များတဲ့ ဒေသခံပြည်သူတွေကို ရွှေ့ပြောင်းပေးဖို့ ဆိုတာ ဖြစ်နိုင်မယ်လို့ထင်ပါလား။

ဖြေ- ဒါကတော့ ကျွန်တော်လည်း မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ စစ်တွေမြို့မှာ တိုက်ပွဲဖြစ်တယ်ဆိုတာနဲ့  လုံခြုံတဲ့ နေရာဖန်တီးဖို့ဆိုတာ တပ်တော်တစ်ခုတည်းက လုပ်လို့မရဘူးလို့မြင်တယ်။ လုံခြုံတဲ့နေရာလို့ သတ်မှတ်ပေမဲ့လည်း တဖက်က စစ်ကောင်စီကပေါ့လေ။ အဲ့ဒီနေရာတွေကို ထိခိုက်အောင် လုပ်မှာက စစ်ရေး သဘောသဘာဝပေါ့လေ။ စစ်ကောင်စီမှာ ထုံးစံရှိတာက ပြည်သူတွေကို ပစ်မှတ်ထားပြီး လုပ်တာကများတယ်။ ဒါကြောင့် တပ်တော်ဘက်က လုပ်နိုင်တာက ကျွန်တော့်အမြင် တိုက်ပွဲစပြီဆိုတာနဲ့ ပြည်သူတွေ တခြားမြို့ကို ထွက်ပြေးလို့ရအောင် လမ်းကြောင်းတွေရှင်းပေးသင့်ပါတယ်။ ဆိုလိုချင်တာက တပ်ရင်း၊ တပ်မတွေ၊ ဒကစတွေကို မတိုက်ခင် အရင်ဆုံးပြည်သူတွေ ထွက်ပြေးလို့မရအောင် လမ်းကြောင်းတွေဖော်ပေးသင့်တယ်။ ပြည်သူတွေ ထွက်ပြေးပြီဆိုရင်လည်း ပြည်သူတွေရဲ့ပစ္စည်းဥစ္စာတွေလည်း လုံလုံခြုံခြုံရှိအောင် သူတို့ဘက်က ဘယ်လိုမျိုး ဖန်တီးပေးနိုင်လည်းဆိုတာလည်း လိုအပ်ပါတယ်။ ဘာလို့လဲဆိုရင် လူတွေက ထွက်ပြေးလို့ရသွားပြီဆိုရင်တောင် ခုနကပြောသွားသလို စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အဖွဲ့တွေရှိနေတယ်ဆိုတော့ ပြည်သူတွေရဲ့ ဥစ္စာတွေကို ဖျက်ဆီးဖို့ လမ်းကြောင်းက ပိုရောက်နိုင်ပါတယ်။ ဒီလိုဆိုရင် ပြည်သူတွေစစ်ဘေးရှောင်ပြီး နေရပ်က ပြန်လာလို့ရှိရင် အပျက်အစီးကြောင့် ပြန်ပြီးနလန်ထူနိုင်ဖို့  အရမ်းခက်ခဲတဲ့ အနေအထားရှိပါတယ်။

မေး- ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ- တခြားပြောချင်တာတော့မရှိတော့ပါဘူး။  ကျေးဇူးတင်ပါတယ်။

ပြီး။

https://www.facebook.com/narinjara.info/posts/pfbid036t2RiRpCr6VKE5VpfwjajR7T6eN2zSi5yqZ8ZNtyQPWVjSX1Wu2wUn9rKQziwenjl

Leave a Reply

Your email address will not be published.