ဂွမြို့နယ်၊ သဲကုန်းကျေးရွာ တောင်ကြောကို နေဗီက လက်နက်ကြီးပစ်ခတ်

By Narinjara / 2024 August     7

ရခိုင်ပြည်နယ်၊ဂွမြို့နယ် သဲကုန်းကျေးရွာ၏ အနောက်ဘက် ရွာနားစပ် တောင်ကြောအား ဩဂုတ်လ ၆ ရက်ညအချိန်တွင် သဲကုန်းရွာအနီး ပင်လယ်ပြင်တွင် ရပ်နားထားသည် စကစ နေဗီမှ လက်နက်ကြီးပစ်ခဲ့သည်ဟု သတင်းရရှိပါတယ်။

“မနေ့က ညည့်အချိန် ၁၀ နာရီဝန်းကျင်လောက်တွင် သဲကုန်းရွာအနီး ပင်လယ်ပြင်တွင် ရပ်နားထားသည် စကစ နေဗီမှ လက်နက်ကြီး ၈ ကြိမ်ပစ်ခဲ့ပါတယ် အသံတွေက တစ်အား ဆူညံ နေပါတယ်။ ရွာသားတွေလည်း အကုန်လန့်ပြီး ထွက်ပြေးနေရပါတယ်” ဟု သဲကုန်းရွာခံသား တစ်ဦးက အတည်ပြုပြောဆိုသည်။

ယခုကဲ့သို့ ဂွမြို့နယ်အတွင်း စစ်ကောင်စီနေဗီက ပစ်ခတ်ခြင်းမှာ အာရက္ခတပ်တော် ရှိသည်အထင်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိသေးသော်လည်း စစ်ကောင်စီသည် ခံစစ်ဖြင့် ခုခံရန် အကြီးအကျယ်ပြင်ဆင်မှုပြုလုပ်နေသည်ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

“ ဂွမြို့မှာတော့ တပ်ရင်း ၅၆၂ နဲ့ ၅၆၃ ရှိပါတယ်။ တပ်ရင်းတွေမှာတော့ ဧရာ၀တီဘက်က သင်တန်းဆင်း စစ်သားတွေနဲ့ အင်အားဖြည့်တယ်။ ကျိန္တလီမြို့ဘက်မှာလည်း အင်အား ဖြည့်ထားတယ်လို့ သိရပါတယ်။ ဝန်ထမ်းတွေအများစုလည်း ဂွမှာရှိနေကြတုန်းပါ”ဟု ပြောသည်။

စစ်ရှုံးအကြမ်းဖက် စစ်ကောင်စီက စစ်ဖြစ်ပွားခြင်းမရှိသေးသည့်  ဂွမြို့နယ် တွင် လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်း၊ ကျေးရွာများ အတွင်း မတရားဝင်ရောက်ဖမ်းဆီးခြင်းနှင့် တင်းကျပ်စွာ စစ်ရေးလှုပ်ရှားမှုများကို  ယခင်ကထက် ပိုမိုလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/pfbid0mUBZLEGYSF9WbT8YxSWtepzQo8TdPeUYzNALyK9oR4sNZ8cdSWP8UiDgLChY59byl

Leave a Reply

Your email address will not be published.