By Narinjara / 2024 July 14

လူ့အခွင့်အရေးကောင်စီ၏ (၅၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်း အတည်ပြုချမှတ်ခဲ့ခြင်းအပေါ် စစ်ကောင်စီက ကန့်ကွက်ခဲ့သည်။
ထိုသို့ ကန့်ကွက်ရာ တွင် အာရက္ခတပ်တော် (AA)၏ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား သဘောတူညီထားသည့် နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်အား အဟန့်အတားဖြစ်စေကြောင်း၊ အေအေ၏ တိုက်ခိုက်မှုအတွင်း အပြစ်မဲ့အရပ်သား ၂၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ဟု စွပ်စွဲ ရေးသားဖော်ပြထားသည်။
ဂျီနီဗာမြို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ဇူလိုင် ၁၁ ရက်နေ့က ကန့်ကွက်စာ ရေးသား ပေးပို့ရာတွင် “ ရခိုင်ပြည်နယ်တွင် အေအေ အဖွဲ့မှ ပြည်သူများအား သတ်ဖြတ်ခြင်းနှင့် သေကြေ ထိခိုက်စေခြင်းတို့ကြောင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား သဘောတူညီထားသည့် နေရပ်ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်အား အဟန့်အတား ဖြစ်စေခဲ့ကြောင်း၊ အေအေ၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ၂၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ကြောင်း ရေးသား ဖော်ပြ ထားသည်။
မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဒေသများ၌ တန်ပြန်တိုက်ခိုက်မှုများကို အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ဆန္ဒအလျောက် စာရင်းပေးသူများဖြင့် သင်တန်းအပတ်စဉ်နှစ်ခုကို လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး၊ တပ်မတော်မှ စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းနေသည်ဟူသော စွပ်စွဲချက်မှာ မှန်ကန်မှု မရှိကြောင်း စသဖြင့်လည်း ရေးသား ဖော်ပြထားသည်။
ဆုံးဖြတ်ချက်အဆိုတွင် ပါဝင်သည့် အချက်များသည် မြေပြင်အခြေအနေကို ထင်ဟပ်ခြင်း မရှိရုံသာမက နိုင်ငံတော်၏ လုံခြုံရေးတပ်ဖွဲ့များအပေါ် အထောက်အထားမဲ့ စွပ်စွဲချက်များဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် စိစစ်အတည်ပြုပြီးသော ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ နေရပ်ပြန်ရေး အတွက် ခိုင်မာစွာ ကတိကဝတ်ပြုထားသော်လည်း ဥပဒေအရနှင့် နိုင်ငံ၏ သမိုင်း အထောက်အထား များတွင် မည်သည့်အခါကမျှ မရှိခဲ့သော “ရိုဟင်ဂျာ” ဆိုသည့် အသုံးအနှုန်းကို အသိအမှတ် မပြုသကဲ့သို့ ဆုံးဖြတ်ချက်အဆိုတွင်ပါရှိသည့် နေရပ်စွန့်ခွာသူအရေအတွက် ဖော်ပြသည့် ကိန်းဂဏန်းများကိုလည်း သဘောတူလက်ခံခြင်း မရှိပါဟု ဖော်ပြသည်။
မြန်မာနိုင်ငံအနေဖြင့် အမုန်းစကားတိုက်ဖျက်ရေးကို အထူးအလေးထားသည်ဖြစ်ရာ အသိပညာပေးမှုများကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည့်အပြင်၊ သတင်းအချက်အလက် များအား အချိန်နှင့်တပြေးညီ ပြည်သူလူထုထံသို့ ပေးပို့လျက်ရှိကြောင်း၊ ပြည်ပရှိ မီဒီယာများနှင့် အေအေ အပါအဝင် လက်နက်ကိုင်အဖွဲ့များ၏ သတင်းမှားများနှင့် လုပ်ကြံသတင်းများဖြင့် လှုံ့ဆော်မှုများကို အချို့သော လူမှုကွန်ရက်များတွင် လွှင့်တင်လျက်ရှိကြောင်း ဖော်ပြသည်။
ကုလလူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုတွင် အမုန်း စကားဖြစ်စေနိုင်သည့် ဘာသာရေးဆိုင်ရာ အသုံးအနှုန်းများ ပါဝင်သည့်အပေါ် မြန်မာနိုင်ငံ၏ စိုးရိမ်မှုကို ထပ်လောင်းဖော်ပြသည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအေဂျင်စီများ၏ ကွင်းဆင်းလေ့လာမှုများနှင့် ခရီးသွားလာမှုများအား လုံခြုံရေးအခြေအနေပေါ်မူတည်၍ ခွင့်ပြုပေးလျက်ရှိသည်။ ၎င်းတို့၏ မေတ္တာရပ်ခံချက်အရ ကုလသမဂ္ဂ၏ နိုင်ငံတကာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ရွှေ့ပြောင်းရာတွင်လည်း အစိုးရက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်နိုင်ခြင်းမရှိသည့် ကိစ္စသည် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကြောင့်သာဖြစ်ပြီး၊ ဆုံးဖြတ်ချက်အဆိုတွင် ပါဝင်သော စွပ်စွဲချက်များသည် အဖြစ်မှန်နှင့် များစွာသွေဖယ်လျက်ရှိသည်။
မြေပြင်အခြေအနေ တိုးတက်နေသော်လည်း ဆုံးဖြတ်ချက်အဆို၏ စာသားများက ပေါင်းစပ် အပြန်အလှန်ဆွေးနွေးပွဲ (Enhanced Interactive Dialogue-EID) နှစ်ခုနှင့် အပြန်အလှန်ဆွေးနွေးပွဲ တစ်ခုတို့ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်ရေးအတွက် ဖန်တီးခဲ့သည်။ ယင်းသည် ကုလသမဂ္ဂ၏ ဘဏ္ဍာရေးအကျပ်အတည်းနှင့် ကြုံနေရသည့်ကာလတွင် လူ့အခွင့်အရေးကောင်စီ၏ လုပ်ငန်းများကို ပိုမိုထိခိုက်စေသည်။ ထို့အပြင် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်အဆိုကလည်း ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ မြန်မာနိုင်ငံအတွက် သီးသန့်အပြန်အလှန်ဆွေးနွေးပွဲ (၄) ခု ပြုလုပ်ရန် ဖန်တီးခဲ့သည်။ ယင်းသည် မလိုလားအပ်သည့် လုပ်ငန်းတာဝန်များအား ထပ်တလဲလဲ ပြုလုပ်နေသည်ကို သိသာစွာ ပြသနေခြင်းဖြစ်သည်။
အထက်ဖော်ပြပါအချက်များအပြင် အဆိုပါဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး၊ အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံအပေါ် ဩဇာပေးချုပ်ကိုင်နေ ခြင်းဖြစ်သည်ဟုဖော်ပြသည်။
သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့် ဆုံးဖြတ်ချက်အဆိုအမှတ် A/HRC/L.18/rev.1 တစ်ခုလုံး အား ပြင်းထန်စွာ ကန့်ကွက်ပြီး၊ ယင်းဆုံးဖြတ်ချက်အဆိုအား အတည်ပြုချမှတ်ခဲ့ခြင်းအပေါ် ပါဝင် ပတ်သက်မှု မပြုကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် ဉီးတည်သော ဆုံးဖြတ်ချက်အဆိုများကို ဆန့်ကျင်သည့် အခြေခံမူများကို မြဲမြံစွာစွဲကိုင်ထားသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအား အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းနှင့် ကျန်နိုင်ငံများကိုလည်း အလားတူ ဆောင်ရွက်ရန် တောင်းဆိုကြောင်းစသဖြင့် ဖော်ပြထားသည်။
https://www.facebook.com/narinjara.info/posts/890809276419536