By Irrwaddy / 2024 July 31
ဧရာဝတီတိုင်း၊ ချောင်းသာမြို့နယ် ဥတိုကျေးရွာတွင် ယမန်နေ့(ဇူလိုင်၃၀) နေ့လည်အချိန်၌ ရခိုင်ပြည်နယ်စစ်ဘေးရှောင်များထံပို့ဆောင်မည့်ဆေးဝါးနှင့်ရိက္ခာပစ္စည်းများကို တရားမဝင်ကုန်စည်များဟုသတ်မှတ်ကာစစ်ကောင်စီတပ်မှ လာရောက်သိမ်းဆည်းသွားခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီလက်အောက်ခံ တရားမဝင်ကုန်
စည်တိုက်ဖျက်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့
ဝင်အချို့လာရောက်ခဲ့ပြီး ဥတိုကျေးရွာဆိပ်ကမ်းရှိ ဒေသခံဦးချစ်တင်ဆိုသူပိုင်ဆိုင်သော ဂိုဒေါင်အားဝင်ရောက်ရှာဖွေစစ်ဆေးမှုပြုလုပ်ခဲ့စဉ် ရခိုင်ပြည်နယ်
ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်များထံသို့ ထောက်ပံ့ပို့ဆောင်မည့်ဆေးဝါးနှင့်ရိက္ခာခြောက်များအားတွေ့ရှိခဲ့ကာ တရားမဝင်ကုန်စည်များဟုသတ်မှတ်၍ သိမ်းဆည်းသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ကျေးရွာဒေသခံများထံကသိရသည်။
“ ဘယ်ကနေသတင်းရတာလဲတော့မသိဘူး။ ဦးချစ်တင်ပိုင်တဲ့ဂိုဒေါင်ကို ဝင်စစ်သွားတယ်။ ဂိုဒေါင်ထဲမှာ ဆေးဝါးတွေ၊ဆန်တွေနဲ့ ခေါက်ဆွဲခြောက်တွေတွေ့သွားတာ။ ကျောက်တော် ကစစ်ရှောင်တွေကို ပို့ပေးမဲ့ရိက္ခာတွေမှန်းအဲ့မှသိရတယ်။ အကုန်လုံးကိုတရားမဝင်ကုန်
စည်ဆိုပြီးတော့ စစ်တပ်ကသိမ်းသွားတယ်။ ဦးချစ်တင်နဲ့ဂိုဒေါင်အစောင့်ကိုပါချောင်းသာရဲစခန်းကိုဖမ်းခေါ်သွားတယ်”ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဥတိုကျေးရွာဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
တရားမဝင်ကုန်စည်အဖြစ်သိမ်းဆည်းခံရသောစစ်ရှောင်ရိက္ခာများထဲတွင် ကာလတန်ဖိုးငွေကျပ် သိန်း ၁၅၀ ကျော်ခန့်ရှိသည့် စားသောက်ကုန်၊ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဂိုဒေါင်ပိုင်ဆိုင်သည့်ဦးချစ်တင်နှင့် ဂိုဒေါင်အစောင့်ဖြစ်သူဦးသန်းထိုက်တို့နှစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့မှဖမ်းဆီးကာ ချောင်းသာမြို့နယ်ရဲစခန်းတွင် ယနေ့ ဇူလိုင်လ ၃၁ရက်နေ့အထိ စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။
“ ဦးလေးနဲ့ဂိုဒေါင်အစောင့်ကို စစ်တပ်တွေနဲ့ရဲတွေဖမ်းခေါ်သွားတာ နှစ်ရက်ရှိပြီ။ ဂိုဒေါင်ထဲမှာတရားမဝင်ကုန်တွေတွေ့လိုဆိုပြီးတော့ချောင်းသာရဲစခန်းကိုဖမ်းသွားတာ။အခုအထိဘာမှပြန်မကြားရဘူး။ ရဲစခန်းဘက်ကိုသတင်းစုံစမ်းတော့လည်းပေးမသိဘူးဖြစ်နေတယ်။ ကုန်တွေက ရခိုင်ကျောက်ဖြူဘက်ကိုပို့ပေးဖို့။ စစ်ရှောင်ရိက္ခာတွေဆိုတာတော့မသိထားဘူး။ ဒီအတိုင်းပဲလာပို့ထားလို့လက်ခံထားမိတာ။ စစ်တပ်တွေလာစစ်မှ စစ်ရှောင်တွေကိုကူညီပေးဖို့ရိက္ခာတွေမှန်းသိရတယ်”ဟု ဖမ်းဆီးခံရသူဦးချစ်တင်၏မိသားစုဝင်တစ်ဦးကဆိုသည်။
ထိုသို့သိမ်းဆည်းရမိသောစစ်ရှောင်ရိက္ခာများကို စစ်ကောင်စီလက်အောက်ခံမြို့နယ်တရားမဝင်ကုန်တိုက်ဖျက်ရေးအဖွဲ့မှသိမ်းဆည်းကာဂိုဒေါင်ပိုင်ရှင်ဦးချစ်တင်နှင့်ဂိုဒေါင်စောင့် ဝန်ထမ်းဦးသန်းထိုက်တို့နှစ်ဦးအား ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ(၅) ၊ ပုဒ်မ (၆)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၂၉ရက်နေ့ကလည်းချောင်းသာမြို့နယ်ကမ်းခြေနေရာတွင် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ ပို့ဆောင်မည့်စစ်လှေအတွင်း၌စစ်ဘေးရှောင်ကူညီရေးရိက္ခာနှင့်ဆေးဝါးများအား တရားမဝင်ကုန်စည်များဟုသတ်မှတ်ကာမြို့နယ်စစ်ကောင်စီလက်အောက်ခံ တရားမဝင်ကုန်စည်တိုက် ဖျက်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်မှလာရောက်သိမ်းဆည်းမှုရှိခဲ့သည်။
ဓာတ်ပုံ- စစ်ကောင်စီထောက်ခံ PAN တယ်လီဂရမ်ချန်နယ်
https://www.facebook.com/photo/?fbid=817850837150604&set=pcb.817851120483909