မောင်တောမြို့ရှိ မြန်မာကြက်ခြေနီအသင်းရုံး ဖောက်ထွင်း ဖျက်ဆီးခံရ

By Arakan Bay News / 2024 July      30

မောင်တောမြို့ အမှတ် ၄ ရက်ကွက်တွင်ရှိသည့် မြန်မာကြက်ခြေနီအသင်း (MRCS) ရုံး ဖောက်ထွင်းဖျက်ဆီးခံရသည့်အပြင် ဆေးဝါးများကိုလည်း ယူသွားကြောင်း သိရသည်။

မောင်တောမြို့နေရာအနှံ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ အပေါင်းအပါ စစ်သွေးကြွလက်နက်ကိုင်မူဆလင်များရှိနေသည်ဟု သိရသည်။

၎င်းရုံးမှာ မည်သည့်နေ့က ဖောက်ထွင်းဖျက်ဆီးခံရသည်ကိုမူ တိတိကျကျမသိရသေးပေ။

ရုံးအတွင်းရှိ ဆေးဝါးများကိုလည်း ဖောက်ထွင်းသူများက ယူသွားသည့် အခြေအနေကို တွေ့ရကြောင်း အမည်မဖော်လိုသည့် AB Newsသတင်းရင်းမြစ်က ပြောသည်။

“ဖောက်ထွင်းဖျက်ဆီးခံရတာ သိပ်တော့ ကြာပုံမရသေးပါဘူး။ ဖျက်ဆီးတာတော့ အကုန် ဘာမှ ရစရာမရှိအောင် ဖျက်ဆီးသွားတာပါ။ တံခါးဝမှာ ဆေးမှတ်တမ်းစာရွက်တွေကိုလည်းတွေ့တယ်။ ရုံးထဲမှာဆိုရင် ဆေးဗုံးတွေကို ဖောက်ပြီးယူသွားတာရှိတယ်။ ပြီးရင် ဗီဒိုမှာ ထည့်ထားတဲ့ဆေးတွေကို ယူသွားတယ်လို့ ထင်ရတဲ့ လက်ရာတွေ တွေ့ပါတယ်” ဟုပြောသည်။

အကြမ်းဖက် စစ်ကောင်စီနှင့် စစ်သွေးကြွမူဆလင်လက်နက်ကိုင်အဖွဲ့တို့သည် ဘူးသီးတောင်မြို့တွင်လည်း MSF ရုံး၊ WFP ရုံးစတဲ့ UN အဖွဲ့နှင့်သက်ဆိုင်သည့် ရုံးများကို ဖောက်ထွင်း ပစ္စည်းယူပြီး ရုံးများကို မီးရှို့မှုများရှိခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီအဖွဲ့နှင့် လက်နက်ကိုင်စစ်သွေးကြွမူဆလင်များ ပူးပေါင်းပြီး မောင်တောမြို့ ဝေသာလီရှိ WFP ကမ္ဘာ့စားနပ်ရိက္ခာရုံး၏ ရိက္ခာဂိုဒေါင်ကို ဖောက်ထွင်းကာ ရိက္ခာများကို ယူသွားကြပြီး ဂိုဒေါင်ကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြသည်။

မောင်တောမြို့ကို သိမ်းပိုက်ရရှိရန် အာရက္ခတပ်တော် AA က တိုက်ခိုက်လျက်ရှိပြီး၊ စစ်ကောင်စီတပ်အဖွဲ့တို့သည် မောင်တောမြို့ထဲရှိ ပြည်သူများကို လူသားဒိုင်းကာ အဖြစ် ထိန်းထားကြောင်းသိရသည်။

ဓာတ်ပုံ-Win Naing-FB

https://www.facebook.com/photo?fbid=122159807246180219&set=pcb.122159807546180219

Leave a Reply

Your email address will not be published.