By Irrwaddy / 2024 July 22

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ ခမီလူမျိုး ပြည်သူ ခုနစ်ဦးအား စစ်ကောင်စီက အကြမ်းဖက်သင်တန်းပေးကာ လက်နက် တပ်ဆင်ပေး ထားသည့် မူဆလင်အစွန်းရောက် လက်နက်ကိုင်များက အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။
ဘူးသီးတောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင် နေထိုင် ကြသော ခမီလူမျိုး ခုနစ် ဦးတို့သည် ဇူလိုင် ၁၈ ရက်နေ့၊ နံနက် ၁၁ နာရီခန့်က မျှစ်သွားချိုးရန် ထွက်ခွာသွားရာ ၁ ရက်ကြာမြင့်သည်အထိ ၎င်းတို့၏ နေအိမ်များ အသီးသီးသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသောကြောင့် ဇူလိုင် ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ၎င်းတို့၏ မိသားစုဝင်များက အာရက္ခတပ်တော်ထံ သတင်းပို့လာကြောင်း သိရသည်။
ထိုသို့ သတင်းပို့လာ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဂန္ဓာရီရွာသားများ စုပေါင်းကာ ၎င်းတို့သွားရောက်နိုင်မည့်နေရာများနှင့် အနီးအနားရှိ ကျေးရွာများကို လိုက်လံရှာဖွေ ခဲ့ကြောင်း သိရသည်။
လိုက်လံရှာဖွေစဉ် ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင် လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒဏ်ရာများဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခံထား ရသည့် ဦးဦးလှထွန်း၊ ဦးကျော်လှ နှင့် ဦးမောင်ထွန်းတို့ သုံး ဦး၏ ရုပ်အလောင်းများကို ဇူလိုင် ၁၉ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရှာဖွေတွေ့ရှိခဲ့သည်။
ထို့အတူ အခြား လေးယောက် ဖြစ်ကြသော ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦး နှင့် ဦးကြာထွန်းဦးတို့ကို ဇူလိုင် ၂၀ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ် လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင် ဓားဒဏ်ရာများနှင့် သေဆုံးနေသည်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း AA က ဆိုသည်။
ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင်နေထိုင်ကြသော အပြစ်မဲ့ပြည်သူ ခမီလူမျိုး ခုနစ်ဦးတို့မှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြသူများဖြစ်ပြီး ဝမ်းရေးအတွက် ဟင်းရှာ သွားစဉ် စစ်ကောင်စီက အကြမ်းဖက်သင်တန်း ပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်များ၏ ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ် မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
AA သည် ၎င်းပြည်သူ ခုနစ် ဦး၏ ရုပ်အလောင်းများကို ရွာသူရွာသားများနှင့် ပူးပေါင်းကာ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ပြီး လိုအပ်သော အကူအညီများကို ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ဘူးသီးတောင်နှင့် မောင်တောဒေသတွင် မူဆလင်များကို အကြမ်းဖက် သင်တန်းပေး၍ လက်နက်တပ်ဆင်ပေးခြင်းများကို ဆက်တိုက် ပြုလုပ်ပေးခဲ့ပြီး နောက်ပိုင်းတွင် အရပ်သားပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးငွေညှစ် ခြင်း၊ ပြည်သူများသွားလာသည့်လမ်းများတွင် မိုင်းထောင်ခြင်း၊ ရပ်ရွာအချို့ကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူပိုင်အိမ်များကို ဖောက်ထွင်းလုယက်ခြင်း၊ ခြိမ်းခြောက် စာကပ်ခြင်းများကို ဆက်တိုက်ပြုလုပ်လာသည်။
ထိုသို့ လုပ်ဆောင်လာခြင်းကြောင့် အရပ်သားပြည်သူများအနေဖြင့် ဟင်းရှာဖွေခြင်း၊ သွားလာခြင်း၊ နေထိုင်ခြင်းများကို အထူးဂရုပြုသွားလာကြရန် နှင့် သတိဖြင့်နေထိုင် ကြရန် AA က သတိပေးထားသည်။
ဤကဲ့သို့ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြသောသူများကို အမြန်ဆုံးရှာဖွေဖော်ထုတ် အရေးယူသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် နှင့် လုံခြုံရေးတို့ကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသောစစ်ကောင်စီနှင့် အကြမ်းဖက်လက်နက် ကိုင် မူဆလင်များကိုထိုက်သင့်သော တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်သွားမည်ဟု အာရက္ခ တပ်တော် (AA) က သတိပေးထားသည်။
https://www.facebook.com/photo/?fbid=812486674353687&set=a.583120810623609