By Narinjara / 2024 July 14

ဘင်္ဂလားဒေ့ရှ် ဒေသခံတစ်ဦးနှင့် အကြမ်းဖက် အာဆာတပ်ဖွဲ့ဝင် ၄ ဦးကို သေနတ် ၆လက်၊ ကျည်ဆံ ၉ တောင့်နှင့်အတူ ဘင်္ဂလားဒေ့ရှ် အထူးမှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့(RAB) က ကြာသပတေးနေ့ နံနက် အစောကြီးအချိန် ဖမ်းဆီးလိုက်ကြောင်း ဒေသအတွင်းက သတင်းဌာနတစ်ခုဖြစ်သည့် အိုးကီးယား နယူးစ်တွင် ဓာတ်ပုံများနှင့် တကွ ဖော်ပြသည်။
သောကြာနေ့ ညနေ ၄ နာရီခွဲအချိန်က RAB တပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူ ဗိုလ်မှူးကြီး AHM Sajjad Hossain က ပြောကြားသွားခဲ့သည်။
“ကျွန်တော်တို့က အာဆာတပ်ဖွဲ့ဝင်တွေဟာ အိုးကီးယားမြို့နယ်၊ Mosharkhola ဒုက္ခသည် စခန်း အမှတ် ၁၅ မှာ တည်မငြိမ်လုပ်ဖို့ သတင်းရတယ်။ သတင်းအရ ကြာသပတေးနေ့ မနက်အစောကြီးမှာ စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့တယ်။ အဲဒီမှာ သူတို့ကို လက်နက်တွေနဲ့ အတူ ဖမ်းမိပါတယ်”ဟု Sajjad Hossain က ပြောသည်။
၎င်းစစ်ဆင်ရေးအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိပြီး ရာမူး (ပန်းဝါ) စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။
ဖမ်းဆီးရမိသူများအား အိုးကီးယားမြို့နယ် ရဲစခန်းတွင် တည်ဆဲဥပဒေနှင့် အညီ အမှုဖွင့်တရားစွဲဆိုထားသည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/890900703077060