ဒီတစ်ပတ် အာရက္ခဒေသမှာ ဘာထူးသလဲ

By DMG / 2024 July       22

ပြည်သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်ဆင်မှုတွေနဲ့အတူ ရခိုင်ပြည်ခေါ် အာရက္ခဒေသမှာ တိုက်ပွဲတွေပြင်းထန်နေတာ (၈) လကျော်လာပြီဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ပတ်သက်တဲ့ ဇူလိုင်လ ၁၅ ရက်မှ ၂၁ ရက်ထိ သတင်းတွေ၊ ထူးခြားချက်တွေကို DMG က ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

■ ကညင်ချောင်းကို AA သိမ်းလိုက်ပြီ

မြန်မာ – ဘင်္လားဒေ့ရှ် ကုန်သွယ်ရေးအတွက်အရေးပါတဲ့ ကညင်ချောင်းစီးပွားရေးဇုန်ကို ဇူလိုင်လ ၁၄ ရက်မှာ AA က သိမ်းပိုက်လိုက်ပါတယ်။ ကညင်ချောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် တပ်စွဲထားပြီး AA ထိုးစစ်ကြောင့် အကျအဆုံးများမှုနဲ့အတူ ထွက်ပြေးကြသွားတာ ဖြစ်ပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က အဝင်မခံလို့ နတ်မြစ်အတွင်း မျောနေတဲ့ စက်လှေနှစ်စီးအကြောင်းကလည်း လူပြောများခဲ့တဲ့ သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ကညင်ချောင်းစီးပွားရေးဇုန်ဟာ မောင်တောမြို့ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ၊ နတ်မြစ်နဲ့ ကညင်ချောင်း ဆုံရာမှာ တည်ရှိသလို ဘင်္ဂလားဒေ့ရှ်ဘက် ဆိပ်ကမ်းနဲ့ ၄ မိုင်ခန့် ကွာဝေးပြီး နိုင်ငံခြားဝင်ငွေများစွာကို ရှာပေးနေတဲ့ နေရာလည်း ဖြစ်ပါတယ်။

■ ဖမ်းဆီးခံရတဲ့ မွတ်ဆလင် စစ်ဘေးရှောင်တွေ

ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတုန်းက စစ်တွေမြို့နယ်ဘက်သို့ စစ်ဘေးတိမ်းရှောင်လာကြတဲ့ မွတ်ဆလင်တွေထဲက ၃၀၀ နီးပါးကို စစ်မှုမထမ်းမနေရဆိုပြီး စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးသွားခဲ့ပါတယ်။

ဇူလိုင်လ ဒုတိယသီတင်းပတ်မှာ အစုလုံအပြုံလိုက် ဖမ်းဆီးသွားတာဖြစ်ပြီး အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ စစ်မှုထမ်းဖို့မလိုက်ရင် ဖမ်းဆီးတရားစွဲမယ်လို့ ခြိမ်းခြောက်ခေါ်သွားတာဖြစ်ပြီး လက်ရှိမှာတော့ မိသားစုဝင်တွေက အဆက်အသွယ်မရ ဖြစ်နေပါတယ်။

စစ်တွေမြို့ကို အဝင်အထွက်ပိတ်ဆို့ထားတဲ့ စစ်ကောင်စီဟာ ဒေသနေပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးပြီးတော့ ငွေညှစ်တောင်းခံမှုတွေလည်း ပြုလုပ်နေတာပါ။

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်က တစ်မြို့ပြီးတစ်မြို့ တိုက်ခိုက်သိမ်းပိုက်လျက် ရှိနေပါတယ်။ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်တွေကို အတင်းအဓမ္မ စစ်သင်တန်းပေးပြီး စစ်မြေပြင်သို့ ပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။

■ သံတွဲအခြေအနေ ဘယ်လိုရှိနေလဲ

သံတွဲတိုက်ပွဲ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ AA ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဒါပေမဲ့ သံတွဲမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မောင်ရွှေလေးရေတပ်ဘက် တပ်ဆုတ်ထွက်ပြေးမှုနဲ့အတူ သံတွဲမြို့ကို AA က ဇူလိုင် ၁၆ ရက်မှာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက အတည်ပြုကြပါတယ်။

လက်ရှိမှာ သံတွဲမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီက ရေကြောင်း၊ လေကြောင်း ပစ်ကူတွေနဲ့ ခုခံတိုက်ခိုက်နေပါတယ်။

အာရက္ခတပ်တော်က သံတွဲအခြေစိုက် နောက်ဆုံးလက်ကျန်မောင်ရွှေလေးရေတပ်ကို ဆက်လက်ထိုးစစ်ဆင်နေပြီး မြို့တွင်းပိတ်မိနေတဲ့ ဒေသခံတွေကိုလည်း လုံခြုံရာသို့ ရွှေ့ပြောင်းပေးထားပါတယ်။

■ ငွေညစ်ခံနေရတဲ့ ရခိုင်ကုန်သည်တွေ

စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားရတဲ့ ရခိုင်ဒေသမှာ စားသုံးကုန်နဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်နေတာကြောင့် ရခိုင်ဒေသခံတွေဟာ ကုန်ပစ္စည်းတွေကို ရရာနည်းလမ်းနဲ့ တင်သွင်းနေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဧရာဝတီ စတဲ့ ဒေသအသီးသီးကနေ လမ်းကြောင်းအသီးသီးကို အသုံးပြုပြီး ကုန်ပစ္စည်းတွေ တင်သွင်းနေကြချိန် ဧရာဝတီတိုင်းရောက် ကုန်သည်တွေမှာ စစ်ကောင်စီရဲ့ မတရားငွေညှစ်မှုကို ခံနေကြရပါတယ်။

ရခိုင်ကုန်သည်တွေရဲ့ စားကုန်၊ ဒီဇယ်ဆီ၊ လူသုံးကုန်ပစ္စည်းတွေဟာ ပုသိမ်မြို့နယ်၊ ဘောမိဆိပ်ကမ်းမှာ သိမ်းဆည်းခံရပြီး ငွေညစ်ခံနေရတာပါ။

ဇွန် ၁၄ ရက်ကလည်း ဒီဇယ်ပေပါ ၈၀၀ လုံးနှင့် စားကုန်ပစ္စည်းတွေ သိမ်းဆည်းခံရပြီး ငွေကျပ်သိန်း ၃,၀၀၀ ပေးမှ ဒီဇယ်ပေပါ အလုံး ၄၀ ပြန်ရတယ်လို့ သိရပါတယ်။

ရခိုင်ကုန်သည်တွေမှာ အိန္ဒိယနယ်စပ်ကတစ်ဆင့် ကုန်သွယ်ကြရာမှာလည်း အဲဒီလမ်းကြောင်းကို အိန္ဒိယဘက်က ပိတ်ဆို့လိုက်တာကြောင့် လမ်းမှာ ကုန်ပစ္စည်းများနဲ့အတူ ပိတ်မိပြီး ဒုက္ခရောက်နေကြရပါတယ်။

■ တိုက်ပွဲမရှိပေမဲ့ ဂယက်ရိုက်နေတဲ့ မာန်အောင်

ရခိုင်တိုက်ပွဲစကတည်းက ပင်လယ်ပြင်ငါးဖမ်းခွင့် ပိတ်ပင်ခံထားရတဲ့ မာန်အောင်ဒေသခံတွေမှာ စားဝတ်နေရေး ကျပ်တည်းမှုနဲ့အတူ စစ်ပွဲအငွေ့အသက်ကို ခံစားလာနေကြရပါတယ်။

မာန်အောင်မြို့နဲ့နီးကပ်တဲ့ သံတွဲမြို့ကို AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဟာ မာန်အောင်မြို့မှာ ရိက္ခာနဲ့ စစ်အင်အားဖြည့်တင်းနေတယ်လို့ မာန်အောင်ဒေသခံတွေက ပြောဆိုကြပါတယ်။

မာန်အောင်လေဆိပ်မှာ တပ်စွဲအခြေချပြီး စစ်အင်အားဖြည့်တင်းနေသလို မြို့အဝင်/ အထွက်ဂိတ်တွေမှာလည်း လုံခြုံရေးတိုးမြှင့်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိသေးတဲ့ မာန်အောင်မြို့နယ်မှာ စစ်ကောင်စီရဲ့ လမ်းခရီးပိတ်ဆို့မှုကြောင် အခြေခံစားသောက်ကုန် ပြတ်လပ်မှုနဲ့အတူ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေပါတယ်။

https://www.facebook.com/photo/?fbid=882589547247976&set=a.64320980118595

Leave a Reply

Your email address will not be published.