ထိုင်းရိုးရာ မွှေထိုင်းလက်ဝှေ့ပြိုင်ပွဲ ရခိုင်သား မဲလုံး အနိုင်ရဗိုလ်စွဲ

By Narinjara / 2024 July     28

ထိုင်းနိုင်ငံတွင်ကျင်းပခဲ့တဲ့ ထိုင်းရိုးရာ မွှေထိုင်းလက်ဝှေ့ပြိုင်ပွဲမှာ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်သား ကိုမဲလုံးက အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။

ကိုမဲလုံးနဲ့ ဒီကနေ့မှ ဆက်သွယ်ရရှိခဲ့ပြီး အခုလို အနိုင်ရရှိခဲ့တဲ့အတွက် အရမ်းပျော်တယ်လို့ နိရဉ္စရာသတင်းဌာနကို ပြောဆိုပါတယ်။

“ကျနော်ဒီပွဲမှာ အနိုင်ရလို့ အရမ်းပျော်ပါတယ်။ ပြီးရင် ကျနော့်ကိုအားပေးနေကြတဲ့ ရခိုင်လူမျိုးတွေကို အားလုံး တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်တယ်။ ကျနော့်ကိုလည်း ဆက်ပြီးတော့ အားပေးကြပါလို့ပြောချင်တယ်။ ပြီးရင် ကျနော်လည်း ဒီထက်မက အများကြီးကြိုးစားသွားမယ်လို့ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ JFBoxing Muaythain ခန်းမတွင် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်၊ ညနေ ၆ နာရီကကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ကိုမဲလုံးက အနိုင်ရဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။

အဲဒီ ပြိုင်ပွဲအတွင်း ပွဲစဥ်တစ်ခုစီမှာ နှစ်ဦးကျစီနဲ့ ပွဲစဥ် ၆ ခုယှဥ်ပြိုင်ခဲ့ကြရပြီး အဲဒီပွဲစဉ်တွေ အတွင်း ကိုမဲလုံးက ရွယ်တူ ပြိုင်ဘက်ထိုင်းနိုင်ငံသား Rew Lay ဆိုသူကို ဒုတိယအချီမှာ အလဲထိုးပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့က ပြိုင်ပွဲမှာ မြန်မာ၊ ထိုင်းနဲ့ တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်းစုံမှ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိ မွှေထိုင်းလက်ဝှေ့သမားတွေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတယ်လို့ ကိုမဲလုံးက ပြောဆိုပါတယ် ။

ကိုမဲလုံးဟာ ကျောက်တော်မြို့နယ်၊ ဝက်မှိုင်းကျေးရွာဇာတိဖြစ်ပြီး လက်ရှိ အချိန်မှာ အသက် ၂၃ နှစ်ရှိပြီဖြစ်ပါတယ်။

သူဟာ ရန်ကုန်မှာ တစ်နှစ်ခန့် နေထိုင် လက်ဝှေ့ထိုးခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ပြောင်းလာပြီး ထိုင်းရိုးရာ မွှေထိုင်းလက်ဝှေ့ပညာကို လေ့လာသင်ယူနေခဲ့တာ တစ်နှစ်ကျော်ပြီလို့လည်း သိရပါတယ်။

အဲသလို လေ့လာသင်ယူနေတဲ့ အချိန်ကစပြီး လက်ရှိအချိန်ထိ မွှေထိုင်းလက်ဝှေ့ပွဲ ၉ ပွဲယှဥ်ပြိုင်ခဲ့ရာမှာ ၇ ပွဲအနိုင်ရထားပြီး ၂ ပွဲရှုံးနိမ့်ထားတယ်လို့ ကိုမဲလုံးက ပြောဆိုပါတယ်။

“ကျနော့်ကိုအားပေးနေကြတဲ့ ရခိုင်သူ၊ ရခိုင်သားတွေ ကျနော့်နောက်မှာ အများကြီးရှိတယ်။ ကျနော့်ကိုအားပေးနေကြတဲ့ရခိုင်သားတွေအတွက် ကျနော်အနိုင်ရကိုရရမယ်ဆိုပြီးတော့ ကျနော်ဝင်ပြိုင်ရတာပါ။ နောက်ပြီး ကျနော့်ကျောပေါ်မှာ ခြုံထားတာကလည်း ရခိုင်အလံဆိုတော့ ကျနော့်နောက်မှာ ရခိုင်တစ်မျိုးသားလုံးရှိနေသလိုခံစားရတယ်။ ဒါကြောင့် ဒီပွဲတွေမှာ ကျနော်နိုင်ကိုနိုင်ရမယ်ဆိုပြီး ဝင်ပြိုင်ရတာပါ” လို့သူရဲ့ ခံယူချက်ကိုလည်း ပြောပြပါတယ်။

ကိုမဲလုံးဟာ အခုလာမယ့် ဇူလိုင်လ ၃၁ ရက်၊ ညနေ ၆ နာရီမှာလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ MBK စင်တာမှာ ထိုင်းရိုးရာ မွှေထိုင်းလက်ဝှေ့ပြိုင်ပွဲတစ်ခုကို ဆက်လက်ယှဥ်ပြိုင်ဖို့ရှိနေပြီး ပြိုင်ပွဲဝင်ဖို့အတွက် ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်နေပြီလို့ ပြောဆိုပါတယ်။

အဲဒီနေ့ပွဲစဥ်တွေကို MBK Center Fight Night လူမှုကွန်ရက်စာမျက်နှာကနေ တိုက်ရိုက် Live ထုတ်လွှင့်သွားမယ်လို့လည်း သိရပါတယ်။

https://www.facebook.com/photo?fbid=899638795536584&set=pcb.899639438869853

Leave a Reply

Your email address will not be published.