တောင်ကုတ်က ပညာရေးဝန်ထမ်းများ ကျောင်းတက်ရန် စစ်ကောင်စီ ဖိအားပေး

By DMG / 2024 July       22

ပုံစာ – ပြီးခဲ့သည့် ဇွန် ၁၂ ရက်က စစ်တွေမြို့ရှိ အခြေခံပညာစာသင်ကျောင်းတစ်ခုတွင် တွေ့ရသည့် ပြည်နယ် စစ်ကောင်စီ အဖွဲ့ဝင်များ၊ ဆရာမ/မများနှင့် ကျောင်းသား/သူများ။

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းများဖွင့်ရန် ဆရာ/မ များကို စစ်ကောင်စီက ဖိအားပေးထားပြီး ကျောင်းသားမိဘများမှာ လေကြောင်းအန္တရာယ် စိုးရိမ်နေကြကြောင်း ဒေသခံများနှင့် ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

တောင်ကုတ်ဒေသတွင် လက်နက်ကြီးပစ်ခတ်မှု မကြာခဏ ရှိနေသည့်အပြင် အနီးအနားက သံတွဲမြို့နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေသဖြင့် ကလေးများအား ကျောင်းတက်ခိုင်းနေရခြင်းမှာ လုံခြုံရေး စိုးရိမ်စရာဖြစ်နေကြောင်း ကျောင်းသားမိဘများက ပြောသည်။

“ အခုလိုအချိန်မှာ ကိုယ့်သား၊သမီးကို ကျောင်းတက်ခိုင်းရတာက တော်တော်လေး စိတ်မချရဘူး။ ဂျက်လေယာဉ် ပျံလိုက်၊ လက်နက်ကြီး ပစ်လိုက်နဲ့ ဘယ်ကလေးက စာကို စိတ်ဝင်စားမှာလဲ။ မတော်လို့ လက်နက်ကြီးလာကျရင် ကလေးတွေပဲ ထိခိုက်မှာ။ အာမခံချက် ဘယ်သူမှ မပေးနိုင်ဘူး ” ဟု တောင်ကုတ်မြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်ဆဲဖြစ်သည့် တောင်ကုတ်မြို့တွင်းတွင် အခိုင်အမာ နေရာယူပြီး ခံစစ်ပြင်ဆင်ထားသည့်အပြင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကုတ်ဒေသတွင် AA က ပြင်းထန်သော ထိုးစစ်ဆင်မှုများ မရှိသေးသော်လည်း တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီ၏ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တည်ရှိရာ တောင်ကုတ်မြို့ကို အာရက္ခတပ်တော် (AA) က ဝိုင်းရံပိတ်ဆို့ထားသည်။

လက်ရှိတွင် စစ်ကောင်စီက တောင်ကုတ်မြို့နယ်၌ တာဝန်ကျ ပညာရေးဝန်ထမ်းများကို အတင်းအဓမ္မ ကျောင်းတက်ခိုင်းနေပြီး မတက်ပါက တာဝန်မှ ရပ်ဆိုင်းမည့်အပြင် တည်ဆဲဝန်ထမ်းဥပဒေအရ အရေးယူမည်ဟု ပြောဆိုထားသည်။

“ အခုက ဖိအားပေးထားတဲ့အတွက် ကျောင်းတွေ ဖွင့်ပေးထားရတယ်။ ကျောင်းသားတွေတော့ အရင်နှစ်တွေကထက် နည်းတာပေါ့။ ဒါပေမယ့် တိုက်ပွဲတွေက တဖြည်းဖြည်းနီးလာတော့ ကျောင်းလည်း မလုံခြုံတော့ဘူး။ လက်နက်ကြီးကျမလား၊ ဘာဖြစ်မလဲ စိုးရိမ်နေရတယ် ” ဟု တောင်ကုတ်မြို့နယ်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက အမ်းမြို့နယ်မှ ပညာရေးဝန်ထမ်း ၇၁ ဦး ကို စစ်ကောင်စီက တာဝန်ကျရာနေရာများသို့ မရောက်ဟုဆိုကာ တာဝန်မှ ယာယီရပ်ဆိုင်းခဲ့သည်။

ဇွန် ၁ ရက်တွင် အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းအပ်လက်ခံမည်ဖြစ်၍ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော် စသည့်မြို့နယ်များမှ ပညာရေးဝန်ထမ်းများအနေဖြင့် မေ ၂၅ ရက်ကို နောက်ဆုံးထားပြီး သက်ဆိုင်ရာကျောင်းများသို့ အရောက်လာကြရန် ပြည်နယ်ပညာရေးမှူးမှတစ်ဆင့် ညွှန်ကြားခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း စစ်ကောင်စီထိန်းချုပ်ဆဲ မြို့ပေါ်စာသင်ကျောင်းအချို့တွင် စာသင်ကျောင်းများ ဖွင့်လှစ်ထားပြီး AA ထိန်းချုပ်နယ်မြေများတွင် စာသင်ကျောင်းများ မလည်ပတ်နိုင်၍ ကလေးသူငယ်များ ပညာရေးထိခိုက်ရန် စိုးရိမ်မှုများ ရှိနေကြသည်။

ဓာတ်ပုံ – သိကြားစေချင်ငွေသဇင်

https://www.facebook.com/photo/?fbid=882112877295643&set=a.643209801185953

Leave a Reply

Your email address will not be published.