By Arakan Bay News / 2024 July 2
တိုက်ပွဲ ပြင်းထန်လျက်ရှိနေသည့် ရက္ခိုင်ပြည် သံတွဲမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်နေသည်ကို မသမာသူများက အခွင့်ကောင်းယူကာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းပိုင်ရှင်များထံမှ ငွေလိမ်တောင်းခံမှုများရှိနေကြောင်း ULA ကထုတ်ပြန်သတိပေးထားသည်ကို တွေ့ရသည်။
“အာရက္ခတပ်တော်အနေဖြင့် သံတွဲမြို့ရှိ ဖက်ဆစ်စစ်ကောင်စီ၏ စခန်းများအပါအဝင် သိမ်းပိုက်ရန် ကျန်ရှိနေသေးသော အခြားမြို့များရှိ စစ်စခန်းများအားလုံးကို မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပါသည်။ ဤကဲ့သို တိုက်ပွဲများပြင်းထန်နေမှုကို အခွင့်ကောင်းယူလျက် မသမာသူ အုပ်စုတစ်စုသည် မိမိတို့ ULA/AA နာမည်ကိုအသုံးပြုပြီး သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံကောက်ယူနေကြောင်း သိရှိရပါသည်။” ဟုထုတ်ပြန်ထားသည်။
ထို့အပြင် ULA/AA အနေဖြင့် ထိုသို့ တောင်းခံ ကောက်ခံခြင်းများ လုံးဝ မရှိကြောင်းနှင့် ကောက်ခံနေသူများအား ချက်ချင်းရပ်တန့်ရန် သတိပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။
“မိမိတို့ ULA/AA နာမည်ကိုအသုံးပြုပြီး အယောင်ဆောင် ငွေလိမ်တောင်းခံနေသောသူများအနေဖြင့် ယခုကဲ့သိုသော လုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် သတိပေးလိုက်ပါသည်။ မိမိတို့အနေဖြင့် သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ယခုကဲ့သို အခွန်ကောက်ခံခြင်း၊ ငွေကြေးတောင်းခံခြင်းမျိုး မရှိပါကြောင်း မိဘပြည်သူများအား လေးစားစွာဖြင့် အသိပေးအပ်ပါသည်။” ဟုဆိုထားသည်။
ထို့အပြင် ခြိမ်းခြောက် ငွေတောင်းခံခြင်းများ ထပ်မံရှိလာပါက ULA/AA ဗဟိုဌာနချုပ်နှင့် သံတွဲဒေသတာဝန်ခံများသို့ အချိန်မရွေး တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပြေထားသည်။
https://www.facebook.com/photo/?fbid=122154095750180219&set=a.122120256032180219