(ယင်းလုပ်ရပ်မှာ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့အား အသက်ရှုခွင့်ရရှိစေရန် ရည်ရွယ် လုပ်ဆောင်ခြင်းလို့ဆို)
By Narinjara / 2024 July 29


နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်တော့မည်ဟူသော သတင်းတုများထုတ်ပြန်နေခြင်းမှာ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့အား အသက်ရှူ အနားယူခွင့်ရရှိစေရန်ရည်ရွယ်ပြီး လုပ်ဆောင်နေခြင်းဟု ညီနောင်သုံးဖွဲ့ (MNTJP/MNDAA, PSLF/TNLA, ULA/AA) ဇူလိုင် ၂၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
ထုတ်ပြန်ချက်အထဲတွင် “အသိဉာဏ်မဲ့ပြီး အောက်တန်းကျသောပုဂ္ဂိုလ်တစ်ချို့သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံအသစ် ထူထောင်တော့မည် ဟူသော ခေါင်းစဉ်အပြင် အခြားသော ခေါင်းစဉ်များနှင့်လည်းကောင်း၊ ညံ့ဖျင်းလှသော တရုတ်ဘာသာ အရေးအသား ဖြင့်လည်းကောင်း၊ တိကျမှန်ကန်မှု မရှိသော ရေးပုံရေးနည်း၊ Photoshop တို့ဖြင့်လည်းကောင်း၊ မိမိတို့အဖွဲ့အစည်းများ၏ တံဆိပ်များကို အသုံးပြုပြီး (၁၀) စောင်ထက်မနည်းသော ထုတ်ပြန်ချက်များကို သတင်းအချက်အလက် အတုများဖြင့် ဆက်သွယ်ရေး လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ခြင်းများကို ယခုရက်များအတွင်း ဆက်တိုက်ပြုလုပ်လျက်ရှိပါသည်”ဟု ဖော်ပြထားသည်။
ဤသို့ပြုလုပ် ရခြင်းမှာ တိုက်ပွဲတိုင်း အောင်ပွဲရရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိအားပေးရန်၊ အိမ်နီးချင်းနိုင်ငံအား အထင်အမြင်လွဲမှားစေရန်၊ မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်းလက်နက်ကိုင် အဖွဲ့အား အသက်ရှူအနားယူခွင့်ရရှိစေရန်ရည်ရွယ်ပြီး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ရှုမြင်ပါသည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ဤကဲ့သို့ အသိဉာဏ်မဲ့၊ အောက်တန်းကျပြီး နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်နေသောပုဂ္ဂိုလ် (သို့) အစုအဖွဲ့ (သို့) အဖွဲ့အစည်းများအား မိမိတို့အဖွဲ့အစည်းအမည်၊ တံဆိပ်တုံး များကို အသုံးပြုပြီး သတင်းအချက်အလက်အတုများဖြင့် ဆက်တိုက်ထုတ်ပြန်နေခြင်းမှာ အီလက်ထရွန်နစ်ဥပဒေ နှင့် လူ့ဘောင်အဖွဲ့အစည်း စနစ်ကို ပြင်းထန်စွာချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ ဆက်သွယ်ရေးလူမှုကွန်ရက်သည် ဥပဒေကင်းလွတ်သည့် နေရာမဟုတ်ကြောင်း၊ ဆက်သွယ်ရေး လူမှုကွန်ရက် သည် memory ရှိကြောင်း၊ သတင်း အတုများကို ထုတ်ပြန် နေသောသူများ၏ IP address မှ တစ်ဆင့် စုံစမ်းစစ်ဆေးနိုင်ကြောင်း၊ နောက်နောင် တစ်ချိန်တွင် မိမိတို့အဖွဲ့အစည်းများအပေါ် တိုက်ခိုက်နေသောသူများ၏ အသိဉာဏ်မဲ့သော လုပ်ရပ်များကို ရှာဖွေ ဖော်ထုတ်ပြီး ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်း” သတိပေးထုတ်ပြန်ကြေညာအပ်ပါသည်ဟု ပါရှိသည်။
https://www.facebook.com/photo?fbid=900490505451413&set=pcb.900491052118025