By Irrwaddy / 2024 July 31
ရခိုင်ပြည်နယ် သံတွဲခရိုင်ခရိုင် ငပလီမြို့ ကျိတ္တောရပ်ကွက်ကို ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် သုံး ဦးအပါအဝင် ဒေသခံ ခြောက်ဦး သေဆုံးခဲ့ပြီး တစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဂျိတ္တောရပ်ကွက် မီးရပ်လမ်းရှိ ဒေါ်မြင့်မြင့်၏ သားသမီးများဖြစ်သည့် (၄) နှစ်အရွယ် သားတစ်ဦး ၊ (၅) နှစ်အရွယ် သမီးတစ်ဦးနှင့် (၇) နှစ် အရွယ် သမီး တစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
“မီးရပ်လမ်းထဲက ဒေါ်မြင့်မြင့်အိမ်ပေါ်ကိုကျတာ။ သားတစ်ယောက် ၊ သမီးနှစ်ယောက် က နေရာမှာ တင်သေတာ။ သားသမီးတွေသေသွားတာမြင်တော့ အမေဖြစ်တဲ့သူလည်း သွေးရူး သွေးတန်းနဲ့ ထွက်ပြေးသွားတာ အခုထိရှာ မတွေ့သေးဘူး” ဟု ဂျိတ္တော ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းကို ပြောသည်။
ထို့အပြင် ဒိုင်းမွန်းဟိုတယ် ရှေ့ရှိ နေအိမ်ကိုလည်း လက်နက်ကြီး ထိမှန်ခဲ့ပြီး အသက် ၃၅ နှစ်နှင့် အသက် ၅၀ နှစ်ဝန်းကျင်ရှိတဲ့ အမျိုးသမီး သုံး ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“သူတို့က အပျိုကြီးတွေ ဈေးရောင်းစားကြတာ အိမ်ပေါ်ကို ဗုံးကျတော့ သုံးယောက်စလုံး တစ်ပြိုင်တည်း သေတာ” ဟု ဂျိတ္တောရပ်ကွက်တွင်နေထိုင်သည့် ကိုမောင်ညိုက ပြောသည်။
စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဂျိတ္တောရပ်ကွက်အတွင်းရှိ မီးရပ်လမ်း၊ မငယ်လေး ဓာတ်ဆီဆိုင်၊ ၃ လမ်းအတွင်းရှိ နေအိမ်များ နှင့် ဒိုင်းမွန်းဟိုတယ်အနီးရှိ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“အသုဘချတာ အလောင်းလိုက် မဟုတ်တော့ဘူး။ အစအနတွေ ကောက်ပြီး သင်္ချိုင်းမှာ မြုပ်လိုက် ရတာပေါ့။ ရပ်ကွက်ထဲမှာ အကုန်ထွက်ပြေနေကျတော့ ရှိတဲ့လောက်နဲ့ အဆင်ပြေအောင် လုပ်လိုက် ရတယ်” ဟု ကိုမောင်ညိုက ဆိုသည်။
သံတွဲခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော် (AA) က လိုက်လံတိုက်ခိုက်နေ၍ နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီသည် နောက်ဆုံးကျန်သည့် မောင်ရွှေလေး ရေတပ်စခန်း မကျစေရန်အတွက် ခုခံကာ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံများ၏ နေအိမ်ပေါ်သို့ ကျရောက်ကာ အရပ်သား သေဆုံးမှုများ ရှိကြောင်းသိရသည်။
https://www.facebook.com/photo/?fbid=818024260466595&set=a.583120810623609