ငပလီတွင် တပ်ဆုတ်ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံအရပ်သား ၂ ဦးကို ပစ်ခတ်သတ်ဖြတ်

By Arakan Bay News / 2024 July      6

ရက္ခိုင်ပြည် သံတွဲမြို့နယ်၊ ငပလီမြို့ အခြေစိုက် ခလရ (၅၅) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဆုတ်ထွက်ပြေးစဥ် ဂျိတ္တောရပ်ကွက်မှ သားအဖ ၂ ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သေဆုံးသွားသူများမှာ ဖခင်ဖြစ်သူ ဦးငတောင်ညှင်းနှင့် သားဖြစ်သူ ကိုကုလားတို့ဖြစ်ကြပြီး ၎င်းတို့ သားအဖ ၂ ဦးအား ဇူလိုင်လ ၄ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်သားများက တပ်ဆုတ်ထွက်ပြေးစဥ်  သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့သားအဖအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်လှေဖြင့် သပြုချိုင်ရေတပ်စခန်းသို့ ပို့ခိုင်ရာ ဖခင်ဖြစ်သူ ဦးငတောင်ညှင်းက စက်လှေမမောင်းတတ်ကြောင်း ပြောသောကြောင့် နေအိမ်ပေါ်တွင် ပစ်သတ်ခဲ့ကာ သားဖြစ်သူ ကိုကုလားအား လှေဆိပ်ကမ်းသို့ အဓမ္မခေါ်လာပြီး စက်လှေတွင် စက်မတွေ့သဖြင့် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ခိုင်လုံသတင်းရင်းမြစ်ကဆိုသည်။

ဆိပ်ကမ်း၌ ပစ်ခတ်သတ်ဖြတ်ခံရသည့် သားဖြစ်သူ ကိုကုလား၏ ရုပ်အလောင်းအား သယ်ယူခွင့်မရ၍ မြုပ်နှံသင်္ဂြိုလ်နိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။

သံတွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အာရက္ခတပ်တော်၏ ပြင်းထန်သည့် ထိုးစစ်ကို ခံနေရပြီး၊ ခလရ (၅၅) မှ စကစတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးနေရသည်ဟု သိရသည်။

စစ်ကောင်စီသည် သံတွဲမြို့နယ်ရှိ ကျေးရွာများအား နေ့တိုင်းနီးပါး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိသောကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများစွာ ရှိနေသည့်အပြင် စစ်ကောင်စီက ထောင်ထားသည့် မြေမြှုပ်မိုင်းနင်မိ၍ သေဆုံး၊ ဒဏ်ရာရ သူများပါရှိနေသည်။

https://www.facebook.com/arakanbaynewsinfo/posts/122154897536180219

Leave a Reply

Your email address will not be published.