By DMG / 2024 July 22

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ပေါ်ရှိ ဂန္ဓာရီစစ်ဘေးရှောင်စခန်းမှ ခမီလူမျိုး (၇) ဦးကို စစ်သင်တန်းဆင်း မွတ်ဆလင်များက ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA) က ဇူလိုင် (၂၁) ရက်တွင် ထုတ်ပြန်သည်။
သတ်ဖြတ်ခံရသူများမှာ ဦးဦးလှထွန်း၊ ဦးကျော်လှ၊ ဦးမောင်ထွန်း၊ ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦး နှင့် ဦးကြာထွန်းဦး တို့ဖြစ်သည်။ ၎င်းတို့မှာ ဇူလိုင် ၁၈ ရက်က မျှစ်သွားချိုးစဉ် ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင် စစ်သင်တန်းဆင်းမွတ်ဆလင်များက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းတို့၏ ရုပ်အလောင်းများကို တောထဲတွင် ဇူလိုင် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် တွေ့ရှိခဲ့ပြီး မိသားစုများနှင့် ထပ်တူ ဝမ်းနည်းရကြောင်း AA ကဆိုသည်။ အဆိုပါ ခမီလူမျိုး(၇)ဦးမှာ ဒေသတွင်း ရိုးသားစွာ လုပ်ကိုင် စားသောက်နေသူများဖြစ်သည်။
ဘူးသီးတောင်နှင့် မောင်တောဒေသတို့တွင် စစ်ကောင်စီက မွတ်ဆလင်များကို စစ်သင်တန်းပေးပြီး အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်း၊ မိုင်းထောင်ခြင်း၊ ရပ်ရွာများကို မီးရှို့ခြင်း၊ နေအိမ်များကို ဖောက်ထွင်းခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း AA က ဆိုသည်။
“အာရက္ခဒေသနေပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ လုံခြုံရေးတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ ဖက်ဆစ်စစ်ကောင်စီနဲ့ အကြမ်းဖက်လက်နက်ကိုင် မွတ်ဆလင်တွေကို ထိုက်သင့်တဲ့ တုံ့ပြန်မှုမျိုး လုပ်သွားမယ် ”ဟု AA က ဆိုသည်။
ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်(AA) က မသိမ်းပိုက်မီ မြို့တွင်းရှိ နေအိမ်များကိုလည်း စစ်ကောင်စီနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မျက်မြင် ဒေသခံ များထံမှ သိရသည်။
ဘူးသီးတောင်မြို့၊ အမှတ်(၅)ရပ်ကွက်မှ ဒေါ်အေးကြည် က “ စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေက ရပ် ကွက်ကို ဝင်လာပြီးတော့ မြို့ထဲက အိမ်တွေ၊ တိုက်တွေကို အကုန်လုံးဖျက်ဆီးဖို့ အထက်က အမိန့်ပေးတယ်ဆိုပြီး တော့ မီးရှို့ဖျက်ဆီးသွားတာ ရှိခဲ့တယ်” ဟု ပြောသည်။
ဘူးသီးတောင်မြို့တစ်ခုလုံးကို အာရက္ခတပ်တော်(AA) က ၂၀၂၄ ခုနှစ်၊ မေ ၁၈ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင် ခဲ့သည်။ သို့သော် ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားအချို့နှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များရှိနေသေးသည်။
ဂန္ဓာရုံစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု(၁၉၉)စု၊ လူဦးရေ ၁,၉၂၆ ဦးရှိပြီး ၎င်းတို့မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ လကတည်းက ထွက်ပြေးလာသည့် စစ်ဘေးရှောင်များဖြစ်ကြသည်။
ဓာတ်ပုံ – AA Info Desk
https://www.facebook.com/photo/?fbid=882088463964751&set=pcb.882089293964668