ကျောက်ဖြူတွင် OGT ကုမ္ပဏီ ဝန်ထမ်း တစ်ဦးကို စစ်ကောင်စီကဖမ်းဆီး

(ဖမ်းဆီးသွားသည့်စခန်းမှ သေနတ်ပစ်ခတ်သံ ၁၅ ချက်ခန့်ကြားလိုက်ရ)

By Arakan Bay News / 2024 July      14

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် မလကျွန်းရွာမှ OGT (Onshore Gas Terminal) ကုမ္ပဏီဝန်ထမ်း ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းသို့ ဖမ်းခေါ်သွားပြီး၊ များမကြာမီ လက်နက်ငယ်ပစ်ခတ်သံ ၁၅ ချက်ခန့်ကြားလိုက်ရကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံလိုက်ရသူမှာ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ မလကျွန်းရွာမှ ကိုကျော်နိုင်မိုး အသက် ၃၅ နှစ်ဖြစ်ပြီး ၎င်းမှာ OGT ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၎င်းသည် ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၇ နာရီခွဲခန့်တွင် မလကျွန်းရွာမှ ၁၀ ကျော်သက်အရွယ်လူငယ် ၂ ဦးနှင့်အတူ လယ်တဲသို့ ညည့်အိပ်စောင့်ရန် သွားစဥ် မလကျွန်းတောင် ဘုရားကုန်းစခန်းအောက် မလကျွန်း-ဂုံးချွိန် ကားလမ်းမရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းနှင့်အတူပါသည့် လူငယ် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည်။

ကိုကျော်နိုင်မိုးကို စခန်းသို့ ဖမ်းဆီးသွားပြီး မိနစ်ပိုင်းအကြာတွင် လက်နက်ငယ်ပစ်ခတ်သံ ၁၅ ချက်ခန့်ကြားလိုက်ကြောင်း ရွာသား ၁ ဦးက AB News သို့ပြောသည်။

“စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်က ဖမ်းတာလို့ သိရပါတယ်။ ကျော်နိုင်မိုးကို ဖမ်းယူသွားပြီး သိပ်မကြာဘူး၊ စခန်းထဲက သေနတ်သံ ၁၅ ချက်လောက်ကြားလိုက်ပါတယ်။ သူ့ကို ပစ်သတ်လိုက်တာလားတော့ မသိပါဘူး” ဟုပြောသည်။

ကျောက်ဖြူမြို့ထဲရှိ ဈေးထဲတွင် ဈေးရောင်းနေသည့် ဈေးသည်တစ်ဦးကိုလည်း နယ်ဖက်သို့ ကုန်ပစ္စည်းများ ရောင်းချသည်ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးထားသည်။

ထို့အပြင် ဇူလိုင်လ ၁၂ ရက်နေ့က ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ဦးဝေမောင်သိန်းမှာ ကျောက်ဖြူမြို့အနီး အောင်စေတီကျေးရွာအနီးတွင် မှိုဟင်းခူးနေစဥ် မိုင်းနင်းမိ၍ ဘယ်ဖက် ခြေတစ်ဖက် ပြတ်သွားကြောင်း သိရသည်။ 

ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားမှုမရှိသေးသော်လည်း စစ်ကောင်စီက ကျောက်ဖြူမြို့နှင့် မြို့နယ်ကျေးရွာများတွင် ပြည်သူများကို ဝင်ထွက်သွားလာခွင့် လုံးဝပိတ်ထားလျက်ရှိသည်ကိုတွေ့ရသည်။

https://www.facebook.com/arakanbaynewsinfo/posts/122156677682180219

Leave a Reply

Your email address will not be published.