By Arakan Bay News / 2024 July 9
ရက္ခိုင်ပြည် ကျောက်ဖြူမြို့တွင် နယ်ဖက်သို့ ကုန်ပစ္စည်းရောင်းသည်ဟု ဆိုကာ ဈေးသည် အမျိုးသမီး ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။
ဖမ်းဆီးခံရသူမှာ ဒေါ်မထော်၊ ဥက္ကန် ကုန်စုံဆိုင်ရောင်းသည့်ဆိုင်ပိုင်ရှင်ဖြစ်ပြီး၊ ၎င်းကို ဇူလိုင်လ ၇ ရက်နေ့ နေ့လည်းပိုင်းတွင် စစ်ကောင်စီ၏ ရဲ၊ မယက နှင့် စရဖ အဖွဲ့များက ဈေးထဲသို့ လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ၁ ဦးက AB News သို့ပြောသည်။
“သူတို့ စရဖနှင့်ရဲတွေက ပြောတာတော့ ကျောက်ဖြူမြို့နယ်ဖက်ကို ကုန်ပစ္စည်းရောင်းလို့ဖမ်းတာလို့ ပြောတယ်။ နေ့ခင်းဖက်လာဖမ်းသွားတာပါ။ စရဖ၊ ရဲ၊ မယက အဖွဲ့တွေပါတယ်” ဟုပြောသည်။
ယနေ့ ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်းအထိ ဖမ်းဆီးခံရသည့် မထော်နှင့် အဆက်အသွယ်လုံးဝမရရှိသေးကြောင်းလည်း သိရသည်။
ကျောက်ဖြူမြို့ထဲမှ ကုန်ပစ္စည်းများကို နယ်ဖက်သို့ တင်ပို့ရောင်းချခြင်း လုံးဝ မပြုလုပ်ရဟု မယကရုံးတွင် လက်မှတ်ရေးထိုးထားရကြောင်း ဈေးသည် နောက်တစ်ဦးက AB News သို့ပြောသည်။
ထို့အပြင် ရန်ကုန်မှ လေကြောင်းဖြင့် မှာယူသည့် ကုန်ပစ္စည်းများကိုလည်း မြို့နယ်ထွေအုပ်ရုံး (မယက) ရုံးတွင် တစ်ထုတ်လျှင် ၅၀၀ဝ ကျပ်နှုန်းပေးပြီးထုတ်ယူရသည့်အပြင် နယ်ဖက်သို့ လုံးဝ မပို့ကြောင်း ခံဝန်လက်မှတ်ထိုးရကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့် ဈေးသည် မထော်မှာ နယ်ဖက်သို့ ကုန်ပစ္စည်း တင်ပို့ခြင်းမရှိဟု ကျောက်ဖြူဈေးထဲမှာ လုံခြုံအရ အမည်မဖော်လိုသည့် ဈေးသည်များက AB News သို့ပြောသည်။
“မထော်က ဈေးထဲမှာ ဆိုင်ရောင်းတယ်။ ဝယ်လာတဲ့သူတိုင်းကို ရောင်းတယ်။ ဒါကလည်း သူ့အလုပ်ပဲလေ။ သူကတော့ ဘယ်နယ်ကိုမှလည်း ပစ္စည်းမပို့ပါဘူး။ ကျမတို့အာမခံလို့ရပါတယ်” ဟုပြောသည်။
ကျောက်ဖြူမြို့ထဲတွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားပြီး၊ အထုတ်တင်လာသည့် သုံးဘီး၊ ဆိုင်ကယ်များကို စစ်ဆေးမှုပိုများကြောင်း သိရသည်။
ရက္ခိုင်တွင် တကျော့ပြန် တိုက်ပွဲ စတင်ဖြစ်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစကာ ကျောက်ဖြူတွင်လည်း ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက တင်းကြပ်စွာ ပိတ်ထားခဲ့သည်။
ကျောက်ဖြူမြို့မြို့နယ်ရှိ ကျေးရွာအများစုမှာ ရေကြောင်းလမ်းခရီးကို အဓိကထား သွားလာကြရခြင်းဖြစ်ပြီး၊ ဆေးဝါးနှင့် အခြေခံလူသုံးကုန်ပစ္စည်းများကို ကျောက်ဖြူမြို့မှ နေ့စဥ်လာရောက် ဝယ်ယူစားသောက်ကြရခြင်းဖြစ်သည်။
ထိုသို့ စစ်ကောင်စီက အစာအဟာရနှင့်ဆေးဝါးများကို အလုံးစုံဖြတ်တောက် ပိတ်ဆို့ထားသောကြောင့် ကျောက်ဖြူမြို့နယ်ဖက် ကျေးရွာများတွင် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများ လုံးဝ ပြတ်တောက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
https://www.facebook.com/arakanbaynewsinfo/posts/122155628156180219