သံတွဲက စစ်ဘေးရှောင်အမျိုးသမီးများ လစဉ်သုံးပစ္စည်း အရေးပေါ်လိုအပ်နေ

By DMG / 2024 June     28

သံတွဲမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းနှင့် အတွင်းခံအဝတ်အစားများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

သံတွဲဒေသတွင် လူဦးရေသောင်းနှင့်ချီ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စစ်ဘေးရှောင်စခန်း ၁၆ ခုထိရှိသည်။ စစ်ဘေးရှောင်များထဲ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ် အများဆုံးပါဝင်သည်။

“စစ်ဘေးရှောင်တွေအတွက် လိုအပ်ချက်တွေ အများကြီးပဲ။ စစ်‌ဘေးရှောင် ၆၀ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ပြီး လော‌လောဆယ် လစဥ်သုံးပစ္စည်းနဲ့ အတွင်းခံတွေ အ‌ရေးပေါ်လိုအပ်နေတယ်။ ကုန်ပစ္စည်းတွေ ပြတ်လပ်နေတော့ ဝယ်ရခက်တယ်။ ငွေကြေးအခက်အခဲလည်း ပါတယ်ပေါ့လေ” ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက DMG ကို ပြောသည်။

တိုက်ပွဲစဖြစ်ခဲ့သည့် ဧပြီလကစပြီး သံတွဲဒေသတွင်း ဆက်သွယ်ရေးလမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် လူသုံးကုန်ပစ္စည်းတချို့ ပြတ်လပ်နေသည်။ တိုက်ပွဲများပြင်းထန်ချိန် စစ်ရှောင်လာကြသူများမှာ အဝတ်အစားများ လုံလောက်စွာမပါသဖြင့် အခက်အခဲရှိကြောင်း ပြောကြသည်။

“ကျမတို့က တိုက်ပွဲအတွေ့အကြုံမရှိတော့ ချက်ချင်းဆိုသလို ထွက်ပြေးလာရတာ။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးလာရတာဖြစ်လို့ အမျိုးသမီးလစဥ်သုံးတို့၊ အတွင်းခံတို့ ပါမလာဘူး။ ပါလာတဲ့အတွင်းခံတွေကိုလည်း ရောက်တဲ့နေရာမှာ ဖြစ်သလိုနေလှန်းရတယ်။ မခြောက်တဲ့အနေထားနဲ့ ဖြစ်သလိုပြန်ဝတ်ရတာရှိတော့ အမျိုးသမီးကျန်းမာရေးအတွက် စိုးရိမ်ရတဲ့အခြေအနေရှိတယ်” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်အမျိုးသမီးများမှာ တစ်ကိုယ်ရေးသုံးပစ္စည်း အခက်အခဲကြောင့် စိုစွတ်သော မိုးရာသီအတွင်း ကျန်းမာရေးပြဿနာများ ကြုံရနိုင်ကြောင်း စစ်ရှောင်အရေးကူညီသူများက ပြောသည်။

သံတွဲဒေသခံအမျိုးသမီးတစ်ဦးက “မိုးရာသီမှာ အတွင်းခံအဝတ်တွေ မခြောက်သွေ့တာ၊ မှိုစွဲတာတွေကြောင့် သားအိမ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေရှိလာနိုင်တယ်။ အခုက ကျမတို့ဆီမှာ အဲ့ဒီ ကျန်းမာရေးပြဿနာတွေအတွက် သွားပြစရာ OG လည်း မရှိတော့ဘူး” ဟု ပြောသည်။

လက်ရှိ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ဒေသအတွင်း ကုန်ပစ္စည်းပြတ်လပ်မှုများကလည်း စစ်ဘေးရှောင်များအတွက် ပိုပြီးအခက်အခဲဖြစ်နေကြောင်း ပြောကြသည်။

သံတွဲဒေသကို အလုံးစုံသိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်(AA)က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း အသည်းအသန်ခုခုံနေသဖြင့် တိုက်ပွဲများပြင်းထန်နေသည်။

သံတွဲတွင် စစ်ဘေးရှောင်ဦးရေ ငါးသောင်းကျော်အထိရှိကြောင်း စစ်ရှောင်အရေးကူညီနေသူများက ခန့်မှန်းကြပြီး ၎င်းတို့အတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု စသည့် လိုအပ်ချက်များစွာ ရှိနေသည်။

https://www.facebook.com/photo/?fbid=867558005417797&set=a.643209801185953

Leave a Reply

Your email address will not be published.