သုံးနှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် ၄၃ ဦးသေဆုံး

By DMG / 2024 June     29

ပုံစာ – ဝင်းနိမ္မိတာရုံ ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၏ ရုပ်ကလာပ်တော်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဇွန်လ ၂၈ ရက်အထိ စစ်ကောင်စီလက်ချက်ကြောင့် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် (၄၃) ဦးသေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်သည်။

အများစုမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ သေနတ်ဖြင့်ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ လေကြောင်းပစ်ခတ်မှုကြောင့် ၁၇ ဦး သေဆုံးပြီး၊ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၁၂ ဦး သေဆုံးခဲ့ရသည်ဟု AAPP က ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်၊ ည ၉ နာရီခွဲအချိန်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆခမကျေးရွာ ဘုန်းကြီးကျောင်းမှ ဆရာတော်ဥတ္တမသည် ကျေးရွာမှအရေးပေါ်လူနာတစ်ဦးအား လူမှုကူညီရေးအသင်းတံဆိပ်ပါ လူနာတင်ယာဉ်ဖြင့် ကိုယ်တိုင်မောင်းနှင်ကာ မြင်းခြံမြို့သို့ပို့ဆောင်စဉ် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ပျံလွန်တော်မူခဲ့သည်။

ဇွန်လ ၁၉ ရက်ကလည်း မန္တလေးတိုင်းငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ လိုက်ပါလာသည့်ကားကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဆရာတော် ပျံလွန်တော်မူခဲ့သည်။

ရဟန်းသံဃာများအနေဖြင့် စစ်ကောင်စီ၏ သတ်ဖြတ်ဖမ်းဆီးနေမှုများကို ခေါင်းငုံ့ခံမနေသင့်တော့ကြောင်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃလှုပ်ရှားမှုတွင် ထင်ရှားခဲ့သူ ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်က Myanmar Now ကို ပြောထားသည်။

စစ်ရေးပြင်းထန်နေသော ဒေသများတွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဘာသာရေးအဆောက်အအုံများ ပြိုပျက်စီးမှုများ၊ ရဟန်းသံဃာများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်က ရခိုင်ပြည်၊ မင်းပြားမြို့ကို ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှု ဥက္ကာပျံရပ်ကွက်တွင် ကျရောက်ပေါက်ကွဲပြီး ဓမ္မဓိပတိဘုန်းတော်ကြီးကျောင်းထိုင် ဦးပညာဝံသ သက်တော်(၄၂)နှစ် ဒဏ်ရာရရှိခဲ့သည်။ ဇွန်လ ၈ ရက်ကလည်း မောင်တောမြို့နယ်၊ ကိုင်းကြီးရွာကို လေကြောင်းဗုံးကြဲမှုအတွင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဝန ဒဏ်ရာရရှိသွားခဲ့သည်။

ရခိုင်ဒေသခံတစ်ဦးက “ရခိုင်မှာ ဘာသာရေးအဆောက်အအုံတွေကို လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် ဒဏ်ရာရတဲ့ ဘုန်းကြီးတွေရှိတယ်။ ပြည်မဖက်မှာလည်း မသင်္ကာဘူးဆိုရင် ဘုန်းကြီးကားတွေ၊ ပရဟိတကားတွေကို လိုက်ပစ်တဲ့အတွက် သေဆုံးသွားတဲ့ ရဟန်းသံဃာတွေရှိတယ်။ ဒါတွေဟာ မလုပ်သင့်တဲ့ ကိစ္စတွေဖြစ်တယ် ”ဟု ပြောသည်။

သုံးနှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့သည့် ဘာသာရေးကဏ္ဍမှ (၄၃)ဦးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး လက်လှမ်းမမီနိုင်သော မြေပြင်ဖြစ်စဉ်များလည်းရှိနိုင်ကြောင်း AAPP က ဆိုထားသည်။

AAPP စာရင်းအရ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၅,၃၄၁ ဦး ရှိခဲ့ပြီဖြစ်သည်။

https://www.facebook.com/photo/?fbid=868258505347747&set=a.643209801185953

Leave a Reply

Your email address will not be published.