ရခိုင်ပြည် မြောက်ပိုင်းရှိ ဆေးဘက်ဆိုင်ရာဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ကြောင်း (MSF)က သတင်းထုတ်ပြန်

By Narinjara / 2024 June     28

မြန်မာနိုင်ငံ ၊ရခိုင်ပြည် မြောက်ပိုင်းရှိ ဆေးဘက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကို ရပ်ဆိုင်းလိုက်ကြောင်း နယ်စည်းမခြားဆရာ၀န်များအဖွဲ့(MSF)က ဇွန်လ၂၇ရက်နေ့က သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီးပေးမှုအပေါ် ကန့်သတ်မှုများ ပိုမိုတင်းကြပ်လာခြင်းနှင့် ပဋိပက္ခများ ပြင်းထန်လာခြင်းတို့ကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးသည့် လှုပ်ရှားဆောင်ရွက်မှုများကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း (MSF)ရဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MSF သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မိုဘိုင်းလ်ဆေးခန်း ၁၄ ခုဖြင့် ရခိုင်၊ ရိုဟင်ဂျာနှင့် အခြားလူနည်းစုများအပါအဝင် လူမှုအသိုက်အဝန်းအားလုံးအတွက် မရှိမဖြစ်လိုအပ်သော ဆေးဝါးကုသမှုများကို ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

MSF အဖွဲ့များသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းကရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်း ဒေသများတွင် ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှု နှင့် ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်ခြင်း မရှိတော့ပေ။

MSF သည် လက်ရှိအချိန်တွင် အဆိုပါဒေသများ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်းမရှိ သေးသော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လူနာများနှင့် ပြည်သူများအတွက် လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို ပေးအပ်သွားရန် ကတိပြုပါကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

MSF သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အခြေအနေများ တိုးတက်လာသည်နှင့် တပြိုင်နက် ဆေးဘက်ဆိုင်ရာကူညီလှုပ်ရှားမှုများကို ချက်ချင်းပြန်စနိုင်ရန် လက်ရှိအနေအထားကို ဆက်လက်ထိန်းသိမ်းသွားမည်ဟုဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများနှင့် ကျန်းမာရေး ဝန်ထမ်းများကို အကာအကွယ် ပေးရမည်ဆိုသည့်အချက်ကို လေးစားလိုက်နာကြရန် ပဋိပက္ခတွင်ပါ၀င်နေသည့် အဖွဲ့အစည်းများ အားလုံးကို ကျွန်ုပ်တို့ ကတောင်းဆိုပါ သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

https://www.facebook.com/narinjara.info/posts/pfbid0epsTesRECwF4SdPxaAb1oka3ogBmUrtgaTNZ4mNd5vBXzF3KJH3cZqD48GCqRrnCl

Leave a Reply

Your email address will not be published.