မတူပီမြို့နှင့် ချင်းပြည်တောင်ပိုင်းရှိ အကြီးဆုံး စစ်ဗျူဟာနှင့် အမှတ်(၁၄ဝ) ခြေလျင်တပ်ရင်းတို့ကို ချင်းညီနောင်သိမ်းပိုက်

By Narinjara / 2024 June     29

အာရက္ခတပ်တော် အပါအဝင် မဟာမိတ်များနှင့် လက်တွဲ တိုက်ပွဲဝင်နေသည့် မတူပီမြို့နှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ အကြီးဆုံး စစ်ဗျူဟာနှင့် အမှတ်(၁၄ဝ) ခြေလျင် တပ်ရင်းတို့ကို ချင်းညီနောင်သိမ်းပိုက်လိုက်ပြီဟု ဇွန်လ (၂၉) ရက်နေ့က သတင်းထုတ်ပြန်သည်။

ချင်းညီနောင်စစ်ဆင်ရေး(Operation CB)အဖြစ် ဖော်ဆောင်လျက်ရှိသော မတူပီမြို့ သိမ်းတိုက်ပွဲကို ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် အာရက္ခတပ်တော် (AA)၊ Yaw Army (YA) နှင့် Yaw Defense Force (YDF) တို့ပူးပေါင်းကာ မဆုတ်မနစ် တိုက်ပွဲဝင်မှုများကြောင့် ချင်းပြည်နယ် တောင်ပိုင်းရှိ အကြီးဆုံးဖြစ်သည့် စစ်ဗျူဟာနှင့် အမှတ်(၁၄ဝ) ခြေလျင်တပ်ရင်းတို့ကို ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နယ်မြေရှင်းလင်းမှုများလည်း လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းညီနောင်သည် မတူပီမြို့ အခြေစိုက် အမှတ် (၃ဝ၄) ခြေမြန်တပ်ရင်းကို ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီးနောက် ထပ်မံပြီး စစ်ဗျူဟာနှင့် အမှတ်(၁၄ဝ) ခြေလျင် တပ်ရင်းတို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်အထဲတွင်  “၂ဝ၂၄ ခုနှစ်တွင် ချင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကင်းစင်ရေး” စစ်ရေးရည်မှန်းချက်နှင့်အညီ ချင်းညီနောင်သည် မဟာမိတ်အင်းအားစုများနှင့် ပူးပေါင်းကာ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) မြို့သိမ်းတိုက်ပွဲများကို ဖော်ဆောင် လျက်ရှိပါသည်ဟု ဖော်ပြသည်။

မတူပီမြို့ သိမ်းစစ်ဆင်ရေးဆောင်ရွက်နေစဉ်ကာလအတွင်း ချင်းညီနောင်မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များကို CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက က ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့တွင် ဖနိုင်ရွာ မြောက်ဘက် မိမိတို့တပ်၏ နောက်ကျောဘက်မှ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB)၊ မတူပီမြို့ သိမ်းတိုက်ပွဲစစ်ဆင်ရေး နှောင့်နှေးကြန့်ကြာခဲ့ရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB)တွင် အသက်ပေးသွားကြသည့် အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ကြသည့် ရဲဘော်များနှင့် အောင်ပွဲရသည့်အထိ စွမ်းစွမ်းတမံ ချီတက်တိုက်ပွဲ ဝင်ခဲ့ကြသော တပ်မှူးများ၊ တပ်သားများ၏ အမိန့်နာခံမှု၊ တိုက်ရည်ခိုက်ရည်၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လရှိမှုအပေါ် လေးစားဂုဏ်ယူကြောင်းဖော်ပြသည်။

ချင်းညီနောင်အနေဖြင့် ချင်းပြည်နယ်ရှိ မြို့နယ်များ အတွင်း ကျန်ရှိနေသေးသည့် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြထားသည်။

https://www.facebook.com/narinjara.info/posts/pfbid02HQH44vnTdCZariSvqM5ocQrb5uteQJbJrDSC2irTX9Xtk5U5vDtMm3sNyUoXN7YDl

Leave a Reply

Your email address will not be published.