By Arakan Bay News / 2024 June 30
အကြမ်းဖက် စစ်ကောင်စီနှင့် မူဆလင်များပူးပေါင်းပြီး ဘူးသီးတောင်မြို့ထဲရှိ အစ္စလာမ်ဘာသာဝင် မဟုတ်သူများ၏ နေအိမ်များ၊ ဘာသာရေးအဆောက်အဦးများမှ ပစ္စည်းများကို စိတ်ကြိုက်လုယူခဲ့ကြပြီး နေအိမ်များနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦးများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု မျက်မြင်သက်သေများက ပြောသည်။
ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် Arakan Bay News သတင်းထောက်များ သွားရောက် သတင်းယူခဲ့ရာတွင် ခရစ်ယာန်ဘာသာရေး ဘုန်းတော်ကြီးများအပါအဝင် မျက်မြင်သက်သေများအား ဘူးသီးတောင်မြို့ဖြစ်စဥ်အား မေးမြန်းစုံစမ်းခဲ့ကြခြင်းဖြစ်သည်။
ဘူးသီးတောင်မြို့တွင်းရှိ နေအိမ်များအား မီးမရှို့မီ မူဆလင်များသည် မူဆလင်မဟုတ်သည့် နေအိမ်များ၊ သာသနိကအဆောက်အဦးများမှ ၎င်းတို့ အလိုရှိသည့် ပစ္စည်းများကို စိတ်ကြိုက်ယူခဲ့ကြပြီးနောက် နေအိမ်များအား မီးရှို့ခဲ့ကြကြောင်း ဘူးသီးတောင်မြို့ အကွက် ၂ ရပ်ကွက်မှ ဟိန္ဒူအမျိုးသမီး ဒေါ်ဟာတိုနီက AB News သို့ ပြောသည်။
“သူတို့ (မူဆလင်) က ကျမတို့ ဟိန္ဒူအိမ်တွေ၊ ရက္ခိုင်အိမ်တွေ၊ မျိုးနွယ်စုဝင်အိမ်တွေက အိမ်တံခါးတွေ၊ သစ်တွေ၊ သွပ်တွေကို အရင်ဖြိုကြတယ်။ ပြီးတော့ သူတို့ရဲ့ နေအိမ်တွေကို ယူသွားကြတယ်။ သူတို့လိုချင်တဲ့ ပစ္စည်းတွေမရှိတဲ့အခါမှ ဖြိုဖျက်ပြီး မီးရှို့ ဖျက်ဆီးလိုက်ကြတယ်” ဟု ဆိုသည်။
မူဆလင်များ ပစ္စည်းများကို ယူရန်နှင့် မီးရှို့ ဖျက်ဆီးနိုင်ရန်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင်များက စောင့်နေပေးခဲ့ကြောင်း နောက်ထပ် ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ၁ ဦးက AB News သို့ပြောသည်။
“သူတို့က (မူဆလင်) မူဆလင်နေအိမ်တွေကလွဲရင် ဗုဒ္ဓဘာသာ၊ ခရိယာန် မရွေးဘူး၊ အကုန်လုံးကို ဝင်လုတယ်။ သူတို့လိုချင်တဲ့ ပစ္စည်းတွေ အကုန်ယူကြတယ်။ ကျနော်တို့က ဘာမှ မပြောနိုင်ဘူး၊ စစ်ကောင်စီတပ်ကရော (မူဆလင်) ကုလားတပ်ကပါ သေနတ်ကိုင်ပြီးတော့ လမ်းတိုင်းမှာ သူတို့မူဆလင်တွေကို လုံခြုံရေးယူပေးထားတယ်” ဟုဆိုသည်။
ARSA အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ရှာကီး၏ နေအိမ်တွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းမှ သုံးယောက်ထိုင် ကုလားထိုင် တစ်လုံးအပါဝင် တစ်ခြားပစ္စည်းများစွာ တွေ့ရသည်ဟု AB News သတင်းထောက်များက ပြောသည်။
“ဒေသခံတွေကတော့ သူဟာ အာဆာအဖွဲ့ခေါင်းဆောင်တွေထဲက တစ်ယောက်လို့ ပြောပါတယ်။ သူ့ကို ရှာကီးလို့ ခေါ်တယ်။ ရှာကီးတို့က ဒီမြို့မှ မသိသူ မရှိသလောက်ကို နာမည်ကြီးတာလို့ သိရပါတယ်။ သူ့အိမ်ရဲ့ အပေါ်ထပ် အောက်ထပ် ၂ ခုစလုံးမှာ ခိုးထား လုထားတဲ့ အိမ်သုံးပစ္စည်းတွေ အများကြီးပဲ၊ အဲဒီထဲမှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှာ အလှူရှင်နာမည်နဲ့ လှူထားတဲ့ ကုလားထိုင် ၁ လုံးကိုလည်း တွေ့ပါတယ်” ဟုဆိုသည်။
၎င်းအပြင် ARSA အဖွဲ့ခေါင်းဆောင်များထဲမှ ကျော်အေး၊ အာယုတို့၏ နေအိမ်များတွင်လည်း လုယူထားသည့် ပစ္စည်းများစွာ သိုလ်လှောင်ထားသည်ကို တွေ့ရသည်။
ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်က မေလ ၁၈ ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီးနောက် ၎င်း ARSA အဖွဲ့၏ ခေါင်းဆောင်ဆိုသူများ ထွက်ပြေးသွားကြကြောင်း ဒေသခံများက ပြောသည်။
ဘူးသီးတောင်မြို့ကို စစ်ကောင်စီနှင့် စစ်သွေးကြွ ဘင်္ဂလီမူဆလင်များက ဧပြီလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ မီးရှို့ခဲ့ကြရာ မြို့တွင်းရှိ နေအိမ်စုစုပေါင်း ၄၆၈၇ အိမ် မီးလောင်ပြာကျသွားခဲ့ပြီး၊ ရက္ခိုင်အိမ် ၂၂၃၇ အိမ်၊ မူဆလင်အိမ် ၅၅၀ အိမ်၊ ဟိန္ဒူအိမ် ၁၂၂ အိမ်တို့ မီးလောင်ပြာကျခဲ့ကြောင်း အာရက္ခတပ်တော်၏ ၉ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဖော်ပြသွားခဲ့သည်။
ထို့အပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်း၊ ခရိယာန်ဘုရားကျောင်း ၇ ကျောင်းတို့မှ ပစ္စည်းများကို လုယက်ခံခဲ့ရသည့်အပြင် မီးရှို့ဖျက်ဆီးခြင်းလည်းခံရသည်ကိုလည်း AB News သတင်းထောက်များက တွေ့ခဲ့ရသည်။
https://www.facebook.com/photo?fbid=122153669120180219&set=pcb.122153669384180219