စစ်ကောင်စီအရာရှိတစ်ယောက်က “မင်းတို့ကိုသတ်ချင်အားကြီးလို့ အဝေးကြီးကနေ လေယာဉ်စီးပြီးလာတာ” ဆိုပြီးပြောတယ်

(လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဗျိုင်းဖြူရွာမှာ ဘယ်လိုတွေဖြစ်ပျက်ခဲ့သလဲ)

By DMG / 2024 June     1

ပုံစာ – မိသားစုဝင်များ သေဆုံးသွားသဖြင့် ငိုကြွေးနေသော ဗျိုင်းဖြူရွာဒေသခံ အမျိုးသမီးများ။

စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာကို မေလ ၂၉ ရက်မှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီးတော့ တစ်ရွာလုံးကို ပိတ်ဆို့လိုက်ပါတယ်။ အဲဒီနောက် အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ နို့စို့အရွယ်ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းပြီး ဖမ်းဆီးလိုက်ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ “ဗျိုင်းဖြူရွာလူသတ်ပွဲကြီး”ကို ဆင်နွှဲခဲ့တာကြောင့် အသက် ၁၅ နှစ်ကနေ အသက် ၇၀ ကြားအရွယ် အမျိုးသား ၃၈ ဦးနဲ့ အမျိုးသမီး ၃ ဦး သေဆုံးသွားပါတယ်။

နောက်ပိုင်း လူတချို့ကို ပြန်လွှတ်ပေးလိုက်ပေမဲ့ ကျေးရွာအတွင်းသို့ ဝင်ရောက်ခွင့်ကိုတော့ စစ်ကောင်စီက တားမြစ်ထားပါတယ်။

ဗျိုင်းဖြူရွာအတွင်းမှာ ဘယ်လိုတွေဖြစ်ပျက်ခဲ့သလဲ၊ ကျေးရွာသားတွေ ဘယ်လိုသတ်ဖြတ်ခံခဲ့ရလဲ၊ ဖမ်းဆီးထားစဉ် ဘယ်လိုဖြတ်သန်းထိုင်ခဲ့ရလဲ စတဲ့အကြောင်းတွေကို လွတ်မြောက်လာသူထဲက အမျိုးသမီးတစ်ဦးကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။

DMG – စစ်ကောင်စီတပ်သားတွေ ရွာထဲကို ဘယ်လိုဝင်ရောက်လာတာလဲ။ ပြီးတော့ ဘာတွေဆက်ဖြစ်ကြလဲ။

ဖြေ – မေလ ၂၉ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ရွာထဲရောက်လာတယ်။ ရွာသားတွေကို ‘ဘာမှမဖြစ်ဘူး အေးဆေးနေကြ’လို့ ပြောခဲ့တယ်။ တစ်နာရီခွဲလောက်မှာ ထပ်ရောက်လာပြီး ရွာကိုဝိုင်းထားကြတယ်။ အားလုံးကို အပြင်ထွက်ခိုင်းတယ်။ ဘာတစ်ခုမှမယူရဘူး။ ယောကျ်ား၊ မိန်းမ၊ ကလေးမကျန် အားလုံးထွက်ခိုင်းတယ်။ ပြီးတော့ ရွာလမ်းမမှာ တန်းစီခိုင်းတယ်။ ယောကျ်ားတွေသက်သက်၊ မိန်းမတွေနဲ့ ကလေးတွေသက်သက် တန်းစီထားတယ်။

ပြီးတော့ ယောကျ်ားတွေကိုဖမ်းဆီးပြီး အင်္ကျီချွတ်ခိုင်းတယ်။ ပြီးတော့ မျက်နှာတွေကို အဲဒီအင်္ကျီနဲ့ချည်နှောင်ပြီး နေပူလှန်းထားတယ်။ မိန်းမတွေ၊ ကလေးတွေကိုတော့ အရိပ်မှာထားတယ်။ ယောက်ျားတွေကို ရေလည်းမတိုက်ဘူး။ တအားရိုက်နှိက်ကြတယ်။ တစ်နေကုန်ဒီအတိုင်းထားထားတယ်။ ရိုက်နှက်တာတော့ မပြောနဲ့။ ရိုက်တယ်၊ နေပူပြင်မှာ တစ်ယောက်ပခုံးတစ်ယောက်ကိုင်ပြီးတော့ လမ်းလျှောက်ခိုင်းတယ်။ မိန်းမတွေ၊ ကလေးတွေကျကိုတော့ မရိုက်ဘူး။ ရေတွေဘာတွေတိုက်တယ်။

DMG – ပြီးတော့ ဘာဆက်ဖြစ်သေးလဲ။

ဖြေ – စစ်သားကတော့ အယောက်တစ်ရာလောက်ရှိမယ်။ ညနေပိုင်းကျတော့ နောက်ထပ်စစ်သားတွေ ထပ်ရောက်လာကြတယ်။ စစ်ကားတစ်စီးပြီးတစ်စီး ရွာထဲဝင်လာတယ်။ မိန်းမတွေ၊ ကလေးတွေကို ရွာအရှေ့ဘက် လမ်းခွဆုံမှာ ထားတယ်။ ယောကျ်ားတွေကိုတော့ ရွာအနောက်ဘက် လမ်းခွဆုံမှာထားတယ်။ အဲဒီနေ့က လမ်းမပေါ်မှာနေရတယ်။ ထမင်းလည်း မစားရဘူး။ တစ်ညလုံး လမ်းမပေါ်မှာ ဖြစ်သလိုအိပ်ရတယ်။

မေး – ဗျိုင်းဖြူရွာသားတွေက ဘယ်လိုမျိုး သတ်ဖြတ်ခံခဲ့ရတာလဲ။

ဖြေ – နောက်နေ့(မေလ ၃၀ ရက်)မှာ ရဲသားတွေကို ခေါ်ပြီးတော့ ရွာအပြင်ပတ်ပတ်လည်မှာ လုံခြုံရေးချထားတယ်။ အဲဒီနေ့မှာ ကျမတို့ကို အိမ်ထဲမှာနေခိုင်းလို့ အနားကအိမ်တွေမှာ ဟိုအိမ်မှာဆယ်ယောက်၊ ဒီအိမ်မှာဆယ်ယောက် အဲလိုမျိုးတစ်စုစီနေကြတယ်။ အဲဒီနေ့မှာပစ်သံတွေကြားတယ်။ ကျမတို့က အိမ်ထဲမှာဖြစ်လို့ မမြင်ရဘူး။ အဲဒီနေ့မှာ ယောကျ်ားတွေကိုလည်း မမြင်ရတော့ဘူး။ ပထမနေ့မှာ ရိုက်နှက်တာတွေ၊ သေနတ်နဲ့ပစ်တာတွေကိုလည်း မြင်ရတယ်။ ဘယ်လောက်သေတယ်ဆိုတာတော့ မသိရဘူး။ ကြောက်လို့ အကုန်လုံးက ငြိမ်နေကြတယ်။ အဲဒီနေ့မှာ သေနတ်ပစ်သံတွေ တအားကြားရတယ်။ အော်သံတွေလည်း ကြားရတယ်။ နေ့ခင်းပစ်၊ ညပစ်နဲ့ပစ်နေတော့ သေဆုံးသူတွေ များမယ်ထင်တယ်။

DMG – နောက်နေ့ရော ဘာတွေဆက်ဖြစ်လဲ။

သုံးရက်မြောက်နေ့(မေလ ၃၁ ရက်)မှာ ရဲသားတွေကိုခေါ်ပြီး ရွာမှာထားခဲ့တယ်။ ဖမ်းဆီးထားတဲ့လူတွေထဲက အသက်ကြီးပိုင်းယောကျ်ား ၂၀၊ ၃၀ လောက်ကို ပြန်လွှတ်လိုက်တယ်။ ကျန်ယောကျ်ား ၁၆ နှစ်အရွယ်ကနေ အသက် ၅၀၊ ၆၀ အထိ တစ်ယောက်မှမထားခဲ့ဘူး။ အားလုံးခေါ်ထုတ်သွားခဲ့တယ်။ ဘယ်မှာထားလဲမသိဘူး။ သေနတ်ပစ်သံတွေတအားကြားရတယ်။ ရွာကယောကျ်ားတွေကို သူတို့အဲဒီနေ့မှာပဲ သတ်ပစ်လိုက်ကြတာဖြစ်မယ်။

DMG – ဖမ်းဆီးခံထားရတဲ့ မိန်းကလေးသုံးယောက် အဓမ္မကျင့်ခံရတယ်လို့ သိရတယ်။ အဲဒီအကြောင်းကိုလည်း ပြောပြပေးပါ။

ဖြေ – မိန်းကလေးသုံးယောက်ကို ထမင်းချက်ခိုင်းဖို့ဆိုပြီး ခေါ်သွားတယ်။ ပြီးတော့ မုဒိမ်းကျင့်ပြီး နှစ်ယောက်ကို ပြန်လွှတ်လိုက်တယ်။ တစ်ယောက်ကိုတော့ သတ်ပစ်လိုက်ကြတယ်။ သေသွားတဲ့မိန်းကလေးက အိမ်ထောင်သည်၊ ကလေးတစ်ယောက်ရှိတယ်လို့ သိရတယ်။ ပြန်လွှတ်လာတဲ့နှစ်ယောက်ကတော့ အပျိုတွေ။ သူတို့နှစ်ယောက်က စကားတစ်ခွန်းမှ မပြောဘူး။ သူတို့ အရမ်းရှက်ပြီး ကြောက်နေကြလို့ဖြစ်မယ်။ လူတွေက ကိုယ့်အကြောင်းနဲ့ကိုယ် ဖြစ်နေကြတော့ အဲဒီကိစ္စတွေကိုလည်း သိပ်မပြောဖြစ်ကြဘူး။

DMG – အစ်မတို့က ဘယ်လိုမျိုး ပြန်လွှတ်လာခဲ့တာလဲ။

ဖြေ – အဲဒီနေ့မှာပဲ (မေလ ၃၁ ရက်) ကျမတို့ကို ရွာကထုတ်တယ်။ မိန်းမ၊ ကလေးအားလုံးကို ကားနဲ့ခေါ်ထုတ်တယ်။ ပြီးတော့ စစ်တွေမြို့ ဝင်္ကဘာကွင်းကို ပို့တယ်။ အဲဒီမှာပဲစုပြီးထားခဲ့တယ်။ ကိုယ်သွားချင်တဲ့နေရာကိုသွားကြဆိုတဲ့ သဘောနဲ့ထားခဲ့တာ။ သူတို့(စစ်ကောင်စီ)က စာရင်းကောက်တယ်။ ဘယ်နေရာသွားမှာလဲ၊ ဘယ်ရွာသွားမှာလဲ ဆိုပြီး မှတ်တမ်းကောက်တယ်။ ဝင်္ကဘာကွင်းမှာ သက်ကြီးပိုင်း၊ မိန်းမ၊ ကလေးအားလုံး လူသုံးရာကျော်လောက် ရှိတယ်။

DMG – မြို့ထဲမပို့ခင် ရွာထဲသို့ ဝင်ခွင့်ရခဲ့တယ်လို့ သိရတယ်။ ရွာအခြေအနေကို ဘယ်လိုမြင်တွေ့ခဲ့ရလဲ။

ဖြေ – ကျမတို့ကို ရွာကမထုတ်ခင် ရွာမှာထဲမှာရှိနေတဲ့ ရဲတွေက အန်တီတို့၊ ညီမလေးတို့ကို ရွာမှာမထားတော့ဘူး။ ဒါကြောင့် ယူစရာရှိတာတွေယူဆိုပြီး ခိုင်းတယ်။ ကျမတော့ မသွားခဲ့ဘူး။ ကျန်တဲ့သူတွေကသွားကြတယ်။ သွားတဲ့သူတွေပြောတာတော့ အိမ်မှာ ဘာမှမရှိတော့ဘူး၊ ပိုက်ဆံ၊ ရွှေ၊ လက်ဝတ်လက်စား ဘာတစ်ခုမှ မရှိတော့ဘူး လို့ပြောကြတယ်။ အဝတ်အစားနည်းနည်းပဲ ရခဲ့ကြတယ်။ အိမ်တွေလည်း အကုန်လုံး မွှေနှောက်ခံထားရတယ်လို့ သိရတယ်။ အိမ်ကပစ္စည်းအားလုံးကို စစ်ကောင်စီတပ်သားတွေက ပထမနေ့မှာပဲ ယူသွားကြတာ။ အဲဒီနေ့က ရွာသားတွေကိုအပြင်ထုတ်ပြီး အိမ်ထဲဝင်ပြီး ဖုန်းရှိရင် ဖုန်းယူတယ်။ ရွှေ၊ ပိုက်ဆံ အားလုံးယူသွားကြတာ။

နောက်ပြီး ရွာထဲက လမ်းတွေ၊ နေအိမ်တွေမှာ သွေးတွေချည်းပဲ တွေ့ရတယ်လို့ ရွာသားတွေက ပြောကြတယ်။ ပြီးတော့ အပုတ်နံတွေလည်းနံတယ်တဲ့။ စစ်သားတွေက ရွာက ယောကျ်ားတွေကို သတ်ပြီး ဘယ်လိုမျိုးလုပ်ခဲ့လဲ မသိဘူး။

DMG – လွတ်မြောက်လာတဲ့ အမျိုးသားတွေက ဘာတွေပြောကြတာရှိလဲ။

ရွာကယောကျ်ားတွေကို ဖမ်းဆီးပြီး ရိုက်နှက်တဲ့အချိန်မှာ စစ်ကောင်စီအရာရှိ တစ်ယောက်က “မင်းတို့ကိုသတ်ချင်အားကြီးလို့ အဝေးကြီးကနေ လေယာဉ်စီးပြီးလာတာ” ဆိုပြီးပြောတယ်လို့ ပြန်လွတ်လာတဲ့ အသက်ကြီးပိုင်းလူတွေက ကျမတို့မေးလို့ ပြောပြတယ်။

DMG – နောက်ထပ် ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ – အခု ရွာကလူတွေအားလုံး စစ်ကောင်စီသတ်ပစ်လိုက်လို့ သေသွားပြီ။ ရွာကမိန်းမတွေမှာ မုဆိုးမဖြစ်သူဖြစ်၊ သားဆုံးသူဆုံး။ တစ်အိမ်က ယောကျ်ားနှစ်ယောက်သေ၊ သုံးယောက်သေ သေသွားကြပြီ။ ကိုယ့်မျက်စိရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြီးနေ့ကို ကျမတို့ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး။

https://www.facebook.com/photo/?fbid=850728903767374&set=a.643209801185953

Leave a Reply

Your email address will not be published.