By DMG / 2024 June 28
အာဏာသိမ်း စစ်ကောင်စီကို လက်နက်နှင့် လေယာဉ်လောင်စာဆီ တင်ပို့ရောင်းချမှုများအား ပိတ်ဆို့တားဆီးမှုများ အမြန်ဆုံးပြုလုပ်ပေးရန် အရပ်ဖက်အဖွဲ့အစည်း ၈၉ ဖွဲ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UN Security Council – UNSC) ထံ တောင်းဆိုလိုက်သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် မြန်မာနိုင်ငံတဝန်းတိုက်ပွဲများတွင် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာရာဇ၀တ်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း တောင်းဆိုချက်တွင် ဖော်ပြသည်။
အဆိုပါအဖွဲ့များတွင် Justice for Myanmar(JFM), Burma Woman’s Union (BWU), Generation Wave၊ AThan စသည့် မြန်မာပြည်တွင်းနှင့် နိုင်ငံတကာအရပ်ဖက်အဖွဲ့အစည်းများ ပါဝင်သည်။
ဇွန်လ ၁၈ ရက်နေ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ(UN Human Rights Council)တွင် တင်သွင်းသော လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာထဲတွင် “စစ်တပ်ဟာ နယ်မြေအတော်များများကို ထိန်းချုပ်နိုင်မှု လက်လွတ်ဆုံးရှုံးသွားတဲ့အတွက် ဆိုးရွားပြင်းထန်တဲ့ တုံ့ပြန်မှုအစီအမံတွေကို တိုးမြှင့်လုပ်ဆောင်နေတယ်” ဟု ထည့်သွင်းဖော်ပြခဲ့သည်။
ထို့ကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) အနေဖြင့် အရေးပေါ် အစည်းအဝေးတစ်ရပ် ချက်ချင်းခေါ်ယူပြီး မြန်မာစစ်ကောင်စီကို လက်နက်နှင့် လေယာဉ်ဆီရောင်းချမှု အမြန်ဆုံးရပ်တန့်စေရေးကို ဆောင်ရွက်သင့်ကြောင်း ၈၉ ဖွဲ့က အကြံပြုတိုက်တွန်းသည်။
နိုင်ငံတဝန်းတွင် စစ်ရေးအရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် အရပ်သားများနေထိုင်ရာ မြို့/ရွာများကို လက်နက်ကြီး၊ လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ အရပ်သားထိခိုက်သေဆုံးမှု နေ့စဉ်နှင့်အမျှ ရှိနေသည်။
နိုင်ငံရေးသမားတစ်ဦးက “လက်ရှိ မြန်မာနိုင်ငံအနှံ့မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြားမှာ တိုက်ပွဲတွေပြင်းထန်နေတယ်။ နေရာတိုင်းမှာ စစ်ကောင်စီက စစ်ရေးအရ ရှုံးနိမ့်နေတဲ့အတွက် လေကြောင်း အဓိက အသုံးပြုနေတယ်။ အပြစ်မဲ့ဒေသခံတွေ သေနေရတယ်။ ဒါကြောင့် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာကလည်း ပိုမိုပြင်းထန်တဲ့ ဖိအားတွေပေးသင့်တယ်” ဟု ပြောသည်။
ရခိုင်ပြည်အတွင်းရှိ AA ထိန်းချုပ်ဒေသများတွင်လည်း တိုက်ပွဲမရှိဘဲ လေကြောင်းဗုံးကြဲမှုများ နေ့စဉ်နှင့်အမျှရှိနေ၍ ပြည်သူများမှာ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေကြရသည်။
မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက “လေယာဉ်က မြို့ပေါ်ကနေ နေ့တိုင်းလိုလို ဝဲတယ်။ မြို့ထဲကို ပစ်ခတ်တာတွေလည်းရှိတော့ အပြစ်မဲ့အရပ်သားတွေ၊ ကလေးတွေ သေဆုံးတာအများကြီးပဲ။ ဒါကြောင့် စစ်ကောင်စီအနေနဲ့ စစ်ဘက်နဲ့ မသက်ဆိုင်တဲ့ နေရာတွေကို မပစ်ဖို့ တောင်းဆိုချင်တယ်” ဟု ပြောသည်။
စစ်ကောင်စီအတွက် လိုအပ်သည့် စစ်လက်နက်၊ လေယာဉ်လောင်စာဆီကို ရှရှား၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ် စသည့် နိုင်ငံများထံမှ နည်းအမျိုးမျိုးဖြင့် ရရှိကြောင်း စစ်ရေးလေ့လာသူများက ပြောကြသည်။
https://www.facebook.com/photo/?fbid=867508938756037&set=a.643209801185953