ဧပြီလအတွင်း နေအိမ်လေးထောင်နီးပါး မီးရှို့ခံရမှုအထဲ ရခိုင်တွင် အများဆုံး 

By DMG / 2024 May       3

ပုံစာ – ဘူးသီးတောင်မြို့၊ အမှတ်(၅) ရပ်ကွက်မှ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရသည်ကို ဧပြီလ ၂၄ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – AA)

မြန်မာတစ်နိုင်ငံလုံးတွင် ပြီးခဲ့သည့် ဧပြီလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၃,၉၆၀ လုံး ပျက်စီးသွားခဲ့ပြီး ယင်းအထဲ ရခိုင်တွင် အများဆုံးဖြစ်ကြောင်း Data For Myanmar က ယနေ့ ထုတ်ပြန်သည်။

မီးရှို့ခံရသည့်နေအိမ်များမှာ ရခိုင်ပြည် ဘူးသီးတောင်မြို့တွင် ၁,၅၀၀ လုံး၊ မန္တလေးတိုင်းတွင် ၁,၂၂၀ လုံး၊ စစ်ကိုင်းတိုင်းတွင်  ၉၉၇ လုံးနှင့် မကွေးတိုင်းတွင် ၂၂၉ လုံးဖြစ်သည်။ ယင်းစာရင်းမှာ Data for Myanmar က အနီးစပ်ဆုံးခန့်မှန်းထားသည့် အရေအတွက်ဖြစ်ကြောင်း ဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေမှုကြောင့် ပြည်သူများမှာ ဘေးလွတ်ရာတိမ်းရှောင်နေ၍ မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်ထောင်နှင့်ချီကို စစ်ကောင်စီတပ်နှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များက ပူးပေါင်းဖျက်ဆီးခဲ့ကြသည်။

ဘူးသီးတောင်မြို့ခံ အမျိုးသမီးတစ်ဦးက “အခုဆိုရင် ကျမတို့အိမ်လည်း မီးလောင်ဖျက်ဆီးခံရတဲ့အထဲ ပါသွားပြီ။ တိုက်ပွဲပြီးလို့ ပြန်ရင်လည်း နေစရာမရှိတော့ဘူး။ အခုက စစ်ဘေးရှောင်နေရတယ်” ဟု ပြောသည်။

ဧပြီလ ၁၅ ရက်က ဘူးသီးတောင်မြို့အခြေစိုက် နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF) ရုံးခန်းနှင့် ဆေးပေးခန်း မီးရှို့ခံခဲ့ရသဖြင့် ဆေးဖက်ဆိုင်ရာနှင့် ရုံးအသုံးအဆောင်ပစ္စည်းများ မီးလောင်သွားသည့်အပြင် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း MSF မှ ထုတ်ပြန်ထားသည်။

စစ်ရှုံးနေသော စစ်ကောင်စီသည် ပြည်သူပိုင်ပစ္စည်းဉစ္စာများအား ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးနေခြင်းမှာ စစ်ရာဇဝတ်မှုကျူးလွန်ကာ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ပြောသည်။

နိုင်ငံရေးသမားတစ်ဦးက “စစ်ကောင်စီက စစ်တိုက်လို့ မနိုင်ရင် အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မယ်။ နောက်ပြီးတော့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်။ ဒါက စစ်ကောင်စီ လုပ်နေကျအလုပ်ဖြစ်တယ်။ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်သလို စစ်ကောင်စီရဲ့ ယုတ်မာတဲ့စိတ်ထားကို ပြနေတာ” ဟု ပြောသည်။

အာဏာသိမ်းချိန်မှစပြီး ၂၀၂၄ ခုနှစ် ဧပြီလအထိ ၃ နှစ်ကျော်အတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူနေအိမ်ပေါင်း ၈၈,၃၇၃ လုံး ဆုံးရှုံးခဲ့ရကြောင်း Data For Myanmar ၏ စာရင်းအရ သိရသည်။

https://www.facebook.com/dmgnewsagency/posts/832275082279423

Leave a Reply

Your email address will not be published.