အမ်းတွင် ပရဟိတလုပ်ကိုင်သူ ဒေသခံအမျိုးသမီး တစ်ဦးကို စစ်ကောင်စီအဖွဲ့ ဖမ်းဆီး

By Arakan Bay News / 2024 May      7

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်တွင် ပရဟိတလုပ်ကိုင်သူ ဒေသခံအမျိုးသမီး တစ်ဦးကို စစ်ကောင်စီအဖွဲ့က ပြီးခဲ့သည့် ဧပြီလ ၃၀ရက်နေ့က ဖမ်းဆီးပြီး ချုပ်နှောင်ထားကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသူမှာ အမ်းမြို့နယ်၊ ဆင်ခုံတိုင်ရွာမှ အသက် ၂၇နှစ် အရွယ်ရှိ မမီးမီး (ခ) ယွန်းသူသူအောင် ဖြစ်သည်။

အမ်းမြို့နယ်၊ ဆင်ခုံတိုင်ရွာမှ မမီးမီး အား အမ်းမြို့အဝင် ပဲပဒုံ စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီတပ်သားများက ပြီးခဲ့သည့် ဧပြီလ ၃၀ရက်နေ့တွင်  ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံထားရသူနှင့် နီးစပ်သူ တစ်ဦးက AB News သို့ ပြောဆိုသည်။

“ဧပြီ ၃၀ရက်နေ့က ပဲပဒုံဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ မမီးမီးမှာ အမ်းမြို့ကို သူ့ယောင်္ကျားဖြစ်သူနဲ့ ဆေးခန်းပြဖို့သွားတာမှာ အဖမ်းခံရတာ။ ယောင်္ကျားဖြစ်သူကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ အခု အဆက်အသွယ်လည်း မရပါဘူး” ဟု ဆိုသည်။

မမီးမီး၏ လင်ယောင်္ကျားဖြစ်သူမှာ ဆင်ခုံတိုင်ရွာတွင် အလယ်တန်းပြ ကျောင်းဆရာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

၂၀၂၁ ခုနှစ်ကလည်း မမီးမီးအား စစ်ကောင်စီအဖွဲ့က လိုက်လံဖမ်းဆီးရန် ကြိုးပမ်းမှုများ ရှိခဲ့ကြောင်း စုံစမ်း သိရသည်။

အဆိုပါဖမ်းဆီးခံရသူသည် ၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် ကိုဗစ်ကပ်ရောဂါကာလ၌ ဒေသခံ ပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကိုဗစ်ဖြစ်ပွားခဲ့သည့် နေအိမ်များအား ဆေးဖြန်းခြင်း၊ စားနပ်ရိက္ခာပြတ်လပ်နေသည့် ဝေးလံခေါင်ဖျားသည့် နေရာများသို့ သွားရောက် ထောက်ပံခြင်းများကို လုပ်ဆောင်ခဲ့သည်ဟုသိရသည်။

 ပြီးခဲ့သည့် ဧပြီလ ၃၀ရက်နေ့မှ ယနေ့ မေလ ၇ရက်နေ့ထိ မမီးမီး အား ၈ရက်ကြာ ထိန်းသိမ်းထားပြီး ဖမ်းဆီးခံထားရသူနှင့် အဆက်အသွယ်မရသဖြင့် မိသားစုဝင်များမှာ လွန်စွာ စိုးရိမ်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် အမ်း၊ တောင်ကုတ်၊ သံတွဲနှင့် စစ်တွေမြို့တို့တွင်   ဧပြီလ ၃၀ ရက်နေ့မှ ယနေအချိန်ထိ အရပ်သားပြည်သူ ၁၀ နီးပါးအား စစ်ကောင်စီအဖွဲ့ မတရားဖမ်းဆီး၊ ထိန်းသိမ်းထားသည်ကို တွေ့ရှိရသည်။

https://www.facebook.com/arakanbaynewsinfo/posts/122142788396180219

Leave a Reply

Your email address will not be published.