By Western News / 2024 May 22
ရခိုင်ပြည် သံတွဲမြို့ ဘုရင့်နောင်လမ်း CB ဘဏ်အနီးတွင် မေလ ၂၀ ရက် ညနေက စစ်ကောင်စီ ထောက်ပို့ကား ဝင်တိုက်၍ အသက် ၃၀ အရွယ် ဆေးရုံသန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတစ်ဦး အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း မျက်မြင်ဒေသခံများက ပြောသည်။
စစ်ကောင်စီ ထောက်ပို့ကား တိုက်ပြီး ရပ်တန့်ကြည့်ရှုမှု မရှိခဲ့ဘဲ တန်းထွက်ပြေးသွားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
” ဆေးရုံဝန်ထမ်းအမျိုးသမီးက ညနေ ၅ နာရီခွဲလောက်မှာ ရုံးဆင်းလို့ အိမ်ကို စက်ဘီးနဲ့ ပြန်တာပေါ့နော်။ ဘုရင့်နောင်လမ်းက ပြန်တာပေါ့။ အဲဒီလမ်းက တစ်လမ်းမောင်းဗျ။ စစ်ကောင်စီ ထောက်ပို့ကားက လမ်းဗြောင်းပြန်ဝင်လာပြီး အဲဒီအမျိုးသမီးကို ဝင်တိုက်သွားတာ။ မရပ်တဲ့အပြင် လှည့်တောင် မကြည့်ဘူး တန်းထွက်ပြေးသွားတယ်။ အမျိုးသမီးက ခေါင်းပွင့်ထွက်သွားပြီး ပွဲချင်းပြီးသေသွားတာပေါ့” ဟု ပြောသည်။
အရပ်သားအသုံးပြုနေသည့် တေဗာကားကြီးကို စစ်ကောင်စီက ထောက်ပို့ကားအဖြစ်အသုံးပြုကာ အဆိုပါကား ဝင်တိုက်၍ အမျိုးသမီးမှာ သေဆုံးသွားရခြင်းဖြစ်သည်။
စစ်ကောင်စီထောက်ပို့ကားတွင် ရိက္ခာအပြည့်ပါပြီး ကားဒါရိုင်ဘာမှာ စစ်ဝတ်စုံဝတ်ပြီး မောင်းနှင်သွားခြင်းဖြစ်၍ စစ်ကောင်စီကားဖြစ်သည်ဟု မျက်မြင်ဒေသခံများက ပြောသည်။
စစ်ကောင်စီကားနှင့် စစ်ကောင်စီတပ်သားဖြစ်နေ၍ အမျိုးသမီးသေဆုံးမှုအတွက် အမှုမဖွင့်ရဲဟု မိသားစုဝင်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
” ကားက စစ်တပ်ကတော့ အမှုမဖွင့်ရဲဘူး။ ရဲတွေကလည်း ဘာမှ လာလုပ်ပေးတာမျိုးမရှိဘူး။ မီးသင်္ဂြိုလ်ပြီးတဲ့အချိန်အထိ အခုအထိ အမှုအခင်းကို လာရောက်စစ်ဆေးမေးမြန်းတာမျိုး မရှိဘူး။ မိသားစုဝင်တွေက ကြောက်လို့ တိုက်တဲ့သူကို အမှုမဖွင့်ရဲဘူး။ အခုက သံတွဲမြို့နယ် တိုက်ပွဲကလည်း ပြင်းထန်နေတော့ အမှုသွားဖွင့်လိုက်ရင် ပိုဆိုးသွားမလား တွေးနေကြလို့။ ” ဟု ပြောသည်။
သေဆုံးသွားသည့် အမျိုးသမီးနာမည်ကို Western News က စုံစမ်းနေဆဲဖြစ်ပြီး ယင်းအမျိုးသမီးနှင့်နီးစပ်သူအချို့က မိသားစုဝင်များမှာ ပြဿနာကို အကျယ်မချဲ့လိုသည့်အနေဖြင့် နာမည်ထုတ်ဖော်ခြင်းကို လျို့ဝှက်လိုသည့် ဆန္ဒရှိနေကြောင်း သိရသည်။
သံတွဲတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်၊ ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၂၅ ဦးသေဆုံးသွားရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးထက်မနည်းရှိနေကြောင်း Western News ၏ မှတ်တမ်းအရ သိရသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/900896225383138