လက်ရှိပြုလုပ်နေသည့် ကူမင်းမှာ တွေ့ဆုံဆွေးနွေးပွဲတွင် AAနှင့် ရခိုင်အရေးကို သီးသန့်တစ်ရက်ဆွေးနွေးမည်ဟုဆို

By Narinjara / 2024 May     15

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် စတင်ဆွေးနွေးနေကြပြီဖြစ်ရာ ရခိုင်အရေးကို အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့ သီးသန့် တစ်ရက်ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း ဗီအိုအေ သတင်းတွင် ဖော်ပြထားသည်။

၎င်းဆွေးနွေးပွဲကို တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုအရ မြန်မာစစ်ကောင်စီနှင့်  ညီနောင်မဟာမိတ် ၃ ဖွဲ့ တို့ ကူမင်းမြို့တွင်  မနေ့ကစတင်ခဲ့သည်ဟု  နီးစပ်သူ အသိုင်းအဝိုင်းကို ကိုးကားပြီး ဗီအိုအေ သတင်းဖော်ပြသည်။

“ ဆွေးနွေးပွဲအတွင်း စစ်ရေးပဋိပက္ခတွေ ကြီးထွားနေသည့်  ရခိုင်ပြည်နယ်က အခြေအနေလည်း ပါဝင်လိမ့်မည်ဟု ခန့်မှန်းထားကြကြောင်း၊ ရခိုင်ကစစ်ပွဲများ ဆက်ဖြစ်နေသည့် အတွက်လည်း AA နှင့် သီးသန့် တစ်ရက်ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း”  သတင်းက ဆိုသည်။

ဆွေးနွေးပွဲတွင် AA ဘက်က အရင်အတိုင်း ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်ပြီး တက်ရောက်နေသည်ဟု သိရသည်။

ကိုးကန့်ဘက်ကလည်း ပြင်ပဆက်ဆံရေးဌာနမှုး ဗိုလ်မှူးချုပ် ဖုန်းဝင်းနိုင် ဦးဆောင်ပြီး တအန်းဘက်ကတော့ ပုံမှန်တက်နေကျ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်အစား၊ မဟာမိတ်ဆက်ဆံရေးဌာနမှုး ဒုဗိုလ်မှူးကြီး တာမိုးဟိန်း ဦးဆောင်တက်ရောက်နေသည်ဟု ဆိုသည်။

ယခင် စစ်ကောင်စီ ပြုလုပ်သည့်  MNDAA ကိုးကန့်အဖွဲ့၊ PSLF/TNLA တအန်းအဖွဲ့နှင့် AA တို့၏  ဆွေးနွေးပွဲတိုင်းမှာ  မြန်မာဆိုင်ရာ တရုတ်အစိုးရ အထူးကိုယ်စားလှယ် ပါဝင် စေ့စပ်ပေးလေ့ရှိသော်လည်း  ပြီးခဲ့သည့် AA နှင့် သီးသန့်ပွဲတွင် တရုတ်ကိုယ်စားလှယ် မပါဝင်ခဲ့ဟု သိရသည်။

မေလ ၁၆ ရက်နေ့ မထိ ပြုလုပ်ရန်  ပြင်ထားသည့် ယခုတစ်ခေါက် ဆွေးနွေးပွဲတွင်  တရုတ်ဘက်အနေဖြင့် AA နှင့် သီးသန့်ဆွေးနွေးပွဲကိုပါ အလေးထားလုပ်လာနိုင်ပုံ ရှိသည်ဟုလည်း ဆိုသည်။

 ပြီးခဲ့သည့် တခေါက် မတ်လတုန်းက ၄ ကြိမ်မြောက် ကူမင်းမြို့ ဆွေးနွေးပွဲမှာ နယ်စပ်ကုန်သွယ်ရေးအပါအဝင် သဘောတူမှုမရခဲ့သည်ကို  ထပ်ဆွေးနွေးမည် ဖြစ်ကြောင်း၊   ဒီနှစ်ဆန်းလုပ်ခဲ့သည့်  ၃ ကြိမ်မြောက်ဆွေးနွေးပွဲတုန်းက ရှမ်းမြောက်ဒေသ အပစ်ရပ်ရန် သဘောတူနိုင်ခဲ့သော်လည်း  ပြီးခဲ့သည့် မတ်လဆန်းဆွေးနွေးပွဲတွင် နယ်စပ်ကုန်သွယ်ရေး သဘောတူချက် အတိအကျမရရှိခဲ့သကဲ့သို့ ရခိုင်အရေးသီးသန့်ဆွေးနွေးခဲ့မှုကလည်း  အဖြေမရခဲ့ဟု  နီးစပ်သူများက ပြောဆိုကြောင်း သတင်းတွင် ဖော်ပြသည်။

အခုတစ်ခေါက် ၅ ကြိမ်မြောက် ကူမင်းမြို့ ဟိုင်ဂင်ဟော်တယ်မှာလုပ်တဲ့ ဒီဆွေးနွေးပွဲတွင်  စစ်ကောင်စီ၏ ငြိမ်းချမ်ရေးအဖွဲ့ NSPNC အဖွဲ့ဝင်သစ်ဖြစ်သူ စစ်ဥပဒေချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် ဦးဆောင်တက်ရောက်နေသည်ဟု ဆိုသည်။

https://www.facebook.com/narinjara.info/posts/852958553537942

Leave a Reply

Your email address will not be published.