ရခိုင်မြောက်ပိုင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ လစာမရ

By DMG / 2024 May       3

ရခိုင်ပြည်မြောက်ပိုင်းတွင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား စသည့် မြို့နယ်များမှ  ဌာနဆိုင်ရာဝန်ထမ်းများကို စစ်ကောင်စီက လစာဆိုင်းငံ့ထားကြောင်း သိရသည်။

စစ်တွေနှင့် မောင်တောမြို့ရှိ ဝန်ထမ်းတချို့မှလွဲ၍ တခြားမြို့နယ်များတွင် လစာမရကြခြင်း ဖြစ်သည်။

“လစာမရတာ သုံးလရှိပြီ။ မြို့နယ်ပညာရေးမှူးဆီကလည်း ဘာမှအကြောင်းကြားတာမရှိဘူး။ လစာမရတော့ စားဝတ်နေရေးကအစ အခက်အခဲရှိတယ်။ ဝန်ထမ်းဆိုတော့ လစာကိုပဲ အားကိုးပြီးနေရတာ” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်က ကျန်းမာရေး၊ ပညာရေး စသည့် ဌာနဆိုင်ရာဝန်ထမ်းများမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ လစာမရကြခြင်းဖြစ်သည်။

ရခိုင်ပြည်ရှိ ပညာရေးဝန်ထမ်းအားလုံး ရုံးမတက်လျှင် အရေးယူမည်ဟု စစ်ကောင်စီက ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် စာသင်ကျောင်းများ ပိတ်ထားရသည့်အပြင် ပညာရေးဝန်ထမ်းများမှာလည်း တိုက်ပွဲတိမ်းရှောင်နေကြရသည်။

ယခင်က ဝန်ထမ်းလစာများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာတာဝန်ရှိသူများက ထုတ်ပေးသော်လည်း ရခိုင်တိုက်ပွဲ ပြင်းထန်ပြီးနောက်တွင် ထုတ်ပေးခြင်းမရှိတော့ကြောင်း ပြောကြသည်။

“ပေါက်တောမှာ တိုက်ပွဲဖြစ်ကတည်းက လစာမရတာ။ ဘယ်လပေးမယ်၊ ဘယ်အချိန်ပေးမလဲ မသိသေးဘူး။ ပေးမယ်ဆိုရင် အမြန်ပေးစေချင်ပါတယ်” ဟု ပေါက်တောမြို့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

သို့သော်လည်း ရခိုင်ပြည်တောင်ပိုင်းရှိ ရမ်းဗြဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ သံတွဲ မြို့နယ်များတွင် လစာပုံမှန်ရနေသေးကြောင်း DMG က စုံစမ်းသိရှိရသည်။

တောင်ကုတ်မြို့ခံ စိုက်ပျိုးရေးဝန်ထမ်းတစ်ဦးက “ဒီဖက်မြို့နယ်တွေမှာတော့ လစာက ပုံမှန်ရနေသေးတယ်။ ကြာရင်လည်း ၂ ရက်လောက်ပဲကြာတာ။ ဌာနဆိုင်ရာလုပ်ငန်းတွေလည်း လည်ပတ်နေသေးတယ်”ဟု ပြောသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ကြား နိုဝင်ဘာ ၁၃ ရက်က စတင်ကာ တိုက်ပွဲပြင်းထန်နေပြီး ဖုန်း၊ အင်တာနက်နှင့် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရသည်။ တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ အလုပ်အကိုင်ရှားပါးကာ အလုပ်လက်မဲ့ဦးရေ များပြားကာ စားဝတ်နေရေးကြပ်တည်းမှုနှင့် ကြုံတွေ့နေကြရသည်။

https://www.facebook.com/dmgnewsagency/posts/832286765611588

Leave a Reply

Your email address will not be published.