By Narinjara / 2024 May 21

ရခိုင်ပြည်နယ် မြို့တော်စစ်တွေ၌ စားနပ်ရိက္ခာပြတ်လပ်မှု၊ သုံးစွဲရန်ငွေကြေးမရှိမှု၊ ကုန်စျေးနှုန်း ကြီးမြင့်မှု၊ ရေရှားပါးမှုနှင့် ရေကြောင့်ကူးစက်ရောဂါများ ဖြစ်ပွားနေမှုများကြောင့် အလွန်စိုးရိမ်စရာ ဖြစ်နေသည်ဟု ကုလအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က ပြောကြားသည်။
မေလ ၂၀ ရက်က ကုလသမဂ္ဂရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် မြန်မာနိုင်ငံအကြောင်းကို ပြောကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
“ စစ်တွေမြို့မှာ စားနပ်ရိက္ခာပြတ်လပ်မှု၊ သုံးစွဲရန်ငွေကြေးမရှိမှု၊ ကုန်စျေးနှုန်းကြီးမြင့်လာနေမှု၊ ရေရှားပါးမှုနဲ့ ရေကြောင့် ကူးစက်ရောဂါတွေ ဖြစ်ပွားနေမှုတွေကြောင့် စစ်တွေမြို့ရဲ့ အခြေအနေဟာ အလွန် စိုးရိမ်စရာဖြစ်နေဆဲပါ” ဟု ၎င်းက ပြောဆိုသည်။
ရခိုင်ပြည်နယ်၏ အခြေအနေကို အနီးကပ်ဆက်လက် စောင့်ကြည့်နေကြောင်း၊ အကြမ်းဖက်မှုများနှင့် အိုးအိမ်ဖျက်ဆီးခံရမှုများ ထပ်မံဖြစ်ပွားနေသည့် နောက်ဆုံးရသတင်းများကြောင့် ကုလသမဂ္ဂအနေဖြင့် လွန်စွာစိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း ကုလအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။
” မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ပြောရရင်နိုင်ငံရဲ့ အဆင်းရဲဆုံး ဒေသတစ်ခုမှာရှိတဲ့ ၊ လူမှု အသိုင်းအဝန်း အားလုံးရဲ့ အားနည်းချက်တွေ၊ ပိုမိုဆိုးရွားလာနေ တဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ တွေကို ကျွန်တော်တို့(ကုလသမဂ္ဂ)က အနီးကပ် ဆက်လက် စောင့်ကြည့်နေပါတယ်။ “
၎င်းပြင်သူကည “ဘူးသီးတောင်နဲ့မောင်တောမြို့နယ်တွေမှာ အကြမ်းဖက်မှုနဲ့ ဖျက်ဆီးမှုများ ထပ်မံဖြစ်ပွားနေတဲ့ နောက်ဆုံးရသတင်းများကြောင့် ကျွန်တော် တို့ရဲ့အဖွဲ့(ကုလသမဂ္ဂ) ဟာ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေရပါတယ်”ဟု ပြောဆိုသည်။
ရခိုင်ပြည်နယ်တစ်ဝှမ်းတွင်လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် မရှိမဖြစ်လိုအပ်သည့် အကူအညီပေးရေးလုပ်ငန်း များသည် အနှောင့်အယှက်များနှင့်ကြုံတွေ့နေရကြောင်း ၄င်းက ပြောဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi နှင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk တို့သည် တိုက်ပွဲများ ရပ်တန့်ရန်၊ အရပ်သားများကို အကာအကွယ်ပေး ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများ ချက်ချင်းလက်ငင်း ဝင်ရောက်ခွင့် ပြုရန်၊ အသက်ဘေးကလွတ်မြောက်ရန် ထွက်ပြေးလာကြသည့် ဒုက္ခသည်များကို အကာအကွယ်များ ပေးကြရန်၊ ဘေးကင်းစွာ (နိုင်ငံအတွင်း) ဝင်ရောက်ခွင့်ပြုရန် အိမ်နီးချင်း နိုင်ငံများကို တောင်းဆိုခဲ့သည်။
Source/UN page
https://www.facebook.com/narinjara.info/posts/857000456467085