ရခိုင်က HIV လူနာများ ART ဆေးပြတ်လပ်မှုကြောင့် ကျန်းမာရေးဆိုးရွားလာ

By Western News / 2024 May     21

ရခိုင်က ART ဆေးပြတ်လပ်နေသည့် HIV လူနာများမှာ ကျန်းမာရေးဆိုးရွားလာပြီဟု HIV လူနာများက ပြောသည်။

HIV လူနာများ ART ဆေးပြတ်လပ်နေမှုမှာ ၄ လအကြာထိ ရှိလာနေပြီဖြစ်ပြီး ယခုထက် အချိန်ကြာလာပါကာ ကျန်းမာရေးအခြေနေများ ပိုမိုဆိုးရွားလာနိုင်သည်ဟု HIV လူနာတစ်ဦးက ပြောသည်။

” ဆေးမရတော့ အစားထိုးအနေနဲ့ ဆထရွန်ထိုးတယ်။ ဒါပေမယ့် မထိရောက်ပါဘူး။ အခုဆို နေမကောင်းဖြစ်နေတယ်။ ကျန်းမာရေးအခြေနေက တစ်ရက်ထက်တစ်ရက် ဆိုးလာနေပါတယ်။ ဆေးရမယ့်အရေး ကျန်းမာရေးဝန်ထမ်းတွေကို အချိန်တိုင်း ဆက်သွယ်နေပေမယ့် ဆေးမရဘူးဆိုတဲ့ အဖြေပဲရလာတယ်” ဟု ပြောသည်။

ဆထရွန်မှာ ခန္ဓာကိုယ်တွင်း HIV ပိုးအကောင်ရေ တိုးမလာရေးအတွက် အထောက်အကူပြုသည့် ဆေးဝါးတစ်မျိုးဖြစ်သော်လည်း ART ဆေးကဲ့သို့ ထိရောက်မှုမရှိကြောင်း သိရသည်။

ART ဆေးရရေးအတွက် စစ်တွေမြို့သို့သွားရန် ကြိုးစားသော်လည်း လမ်းခရီးအကျပ်အတည်းများကြောင့် စစ်တွေသို့ မရောက်နိုင်ဘဲရှိနေသည်ဟု HIV လူနာများက ဆိုသည်။

” ကျမတို့ကို ဆေးထုတ်ပေးနေကျ ဆရာမလေးက စစ်တွေမှာ ဆေးရှိနေသေးတယ်ပြောတာကြောင့် ဟိုတလောကပဲ စစ်တွေကိုသွားဖို့ စီစဥ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သွားလို့မရခဲ့ဘူး။ ကျမတို့ သက်တမ်းစေ့ နေနိုင်ရေးအတွက် ဒီဆေးက အရမ်းအရေးကြီးနေပါတယ်။ ဆေးမရတော့ နာမကျန်းဖြစ်တာတွေလည်း များလာတယ်” ဟု ပြောသည်။

ART ဆေးပြတ်လပ်နေသည့် HIV လူနာအများစုမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် တစ်ခြားတိုက်ပွဲဧရိယာထဲမှ ဒေသခံများဖြစ်ကြောင်း သိရသည်။

ART ဆေးကို စစ်ကောင်စီ၏ ကျန်းမာရေးဌာနများမှ HIV လူနာများအား ၃ လ တစ်ကြိမ်အခမဲ့ထုတ်ပေးမှုရှိခဲ့ပြီး လက်ရှိဖော်ပြပါ ဒေသများတွင် တာဝန်ယူထုတ်ပေးမည့်သူ မရှိသည့်အတွက် HIV လူနာများ များစွာအခက်တွေ့နေကြရခြင်းဖြစ်သည်။ 

Western News-WN

https://www.facebook.com/westernnewsagency/posts/900175808788513

Leave a Reply

Your email address will not be published.