By Western News / 2024 May 7

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်အတွင်းက လွတ်မြောက်နယ်မြေများတွင် ငွေစက္ကူနည်းနည်း ဟောင်းနွမ်းရုံဖြင့် အသုံးပြု၍ မရတော့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
လွတ်မြောက်နယ်များတွင် ဘဏ်လုပ်ငန်း လည်ပတ်မှုမရှိသဖြင့် ငွေစက္ကူသစ်နည်းပါးသွားပြီး ငွေစက္ကူဟောင်းကို တွင်ကျယ်စွာ အသုံးပြုနေရ၍ ဟောင်းနွမ်းခြင်း၊ ဆုတ်ပြဲခြင်းများကို ရောင်းသူဝယ်သူကြားတွင် အသုံးမပြုတော့ကြောင်း ကျောက်တော် ဒေသခံတစ်ဦးက ပြောသည်။
“ငွေစက္ကူက နည်းနည်းလောက်နွမ်းနေရင်တောင် အဲ့ဒီပိုက်ဆံနဲ့ ဘာမှဝယ်လို့ မရတော့ဘူး။ ဆုတ်ပြဲနေတာတွေဆို ပြောစရာမလိုဘူး။ ဒီအတိုင်း ပစ်လိုက်ရတော့မလိုကို မသုံးမဝင်ဘဲဖြစ်နေတာ။ ဘယ်ကစပြီး ဘာကြောင့် ငွေစက္ကူရွေးချယ်မှုတွေ ပေါ်လာတာလဲ မသိပါဘူး” ဟုပြောသည်။
စစ်ကောင်စီထိန်းချုပ်နယ်မြေတွင် ဘဏ်လုပ်ငန်း လည်ပတ်နေသော်လည်း စစ်ရေးအခြေအနေများကြောင့် ဘဏ်၌ ငွေသိမ်းဆည်းမှု ယခင်ကထက် ၅ ဆခန့် နည်းပါးသွားပြီး စစ်ကောင်စီကလည်း ဝန်ထမ်းများအား လစာပုံမှန် ပေးချေမှု မရှိ၍ ငွေစက္ကူသစ်နည်းပါးကာ ငွေစက္ကူဟောင်းများကို အဓိကထား အသုံးပြုနေရသည်။
လွတ်မြောက်နယ်မြေများကဲ့သို့ စစ်ကောင်စီထိန်းချုပ်နယ်မြေများတွင်လည်း ငွေစက္ကူသစ်ရှားပါးလာ၍ ဟောင်းနွမ်းခြင်း၊ ဆုတ်ပြဲခြင်းများကို ရွေးချယ်မှုပြုလုပ်လာသည်ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။
ငွေစက္ကူသစ်ရှားပါးနေသည့်အချိန်တွင် ငွေစက္ကူဟောင်းကို အသုံးပြု၍မရခြင်းသည် ဒေသခံပြည်သူလူထု အထူးသဖြင့် ဆင်ခြေဖုံးရပ်ကွက်က အခြေခံလူတန်းစားများအတွက် အခက်အခဲဖြစ်စေသည်ဟု မြေပုံဒေသခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
” အခုလိုဖြစ်နေတာက ပိုက်ဆံရှိတဲ့သူတွေထက် မရှိဆင်းရဲသားတွေအတွက် ပိုအခက်တွေ့စေတယ်။ တစ်ရက်စာအတွက် ရခဲ့တဲ့ဝင်ငွေထဲမှာ အသုံးပြုလို့မရတဲ့ ပိုက်ဆံတွေပါနေရင် ဒုက္ခရောက်ပြီပဲ။ ပြီးတော့ ငွေသားရှားပါးပြီး ရှိတဲ့ငွေလေးတွေနဲ့ လည်ပတ်နေရတဲ့အချိန်မှာ ငွေစက္ကူတွေက ဟောင်းလာဖို့ပဲရှိမယ်။ အဟောင်းတွေသာ အခုလိုမသုံးမချဆိုရင် နောက်သုံးစရာငွေကြေး ရှိတော့မှာမဟုတ်တော့ဘူး” ဟု ပြောသည်။
စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်အတွင်းမှာ ငွေစက္ကူကို ရွေးချယ်အသုံးပြုမည်ဆိုပါက ပြည်သူများကြားတွင် များစွာရိုက်ခတ်မှုရှိမည်ဖြစ်ပြီး ဆုတ်ပြဲငွေနှင့် ဟောင်းနွမ်းငွေများကို တစ်ဝက်နှုန်းဖြင့် လဲလှယ်လုပ်ငန်း ပိုတွင်ကျယ်လာမည်ဖြစ်သည်။
စစ်ကောင်စီထိန်းချုပ်နယ်မြေတွင် ဘဏ်လုပ်ငန်း အနည်းငယ်လည်ပတ်နေ၍ ငွေစက္ကူဟောင်းများကို လဲလှယ်အသုံးပြု၍ရသော်လည်း လွတ်မြောက်နယ်များတွင် ဘဏ်လုပ်ငန်း လုံးဝလည်ပတ်မှုမရှိ၍ ငွေစက္ကူဟောင်းများကို လဲလှယ်အသုံးပြု၍ မရခြင်းသည် ပြည်သူများအတွက် များစွာ အခက်တွေ့နေရခြင်းဖြစ်သည်။
ထိုကြောင့် ငွေစက္ကူဟောင်းသည်ဖြစ်စေ၊ ဆုတ်ပြဲသည်ဖြစ်စေ ငွေစက္ကူသစ်များ ဝင်ရောက်မှုနည်းနေသည့် အချိန်ကာလအတွင်း ပြည်သူအချင်းချင်း နားလည်မှုဖြင့် အသုံးပြုသင့်ကြောင်းနှင့် ရွေးချယ်မှုကို တင်းကြပ်မှု မပြုလုပ်ကြရန် တိုက်တွန်းသူများလည်း ရှိနေကြသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/890687416404019