မြန်မာနိုင်ငံမှ စစ်သုံးလက်နက်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမဝင် ဝင်ရောက်နေ

By Narinjara / 2024 May     22

မြန်မာနယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ စစ်ဘက်ဆိုင်ရာတွင်အသုံးပြုသည့် လက်နက်ကြီးများ အပါအဝင် စစ်လက်နက်များ တရားမဝင် ဝင်ရောက်လာကာ အိုကီးယား (Ukhiya) နှင့် တက်ကနက်ရှိ ရိုဟင်ဂျာစခန်းများတွင် အခြေစိုက်ထားသည့် ခွဲထွက်ရေး အဖွဲ့များ လက်၀ယ်သို့ ရှိရောက်ရှိနေကြောင်း ဒါကာထရီဗြူး ကဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် တရားဥပဒေစိုးမိုးရေးအဖွဲ့များသည် မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခု အတွင်း စစ်ဘက်သုံးလက်နက်ကြီးများ အပါအဝင် လက်နက်ကြီးများစွာ ကို အဆိုပါရိုဟင်ဂျာ စခန်းများမှ  သိမ်းဆည်းရမိခဲ့သည်။

အိုကီးယား Ukhiya ဒေသ၊ လယ်ပါဟာ တွင် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့( မေလ ၁၅ ရက်) က မြန်မာလက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် အာရကန်  ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ခိုအောင်းနေသည့် နေရာကို Rapid Action Battalion (RAB)တပ်ဖွဲ့က၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်း မီးကျောက်များ၊ လက်ပစ်ဗုံးများနှင့် လက်နက်မျိုးစုံ အများအပြား သိမ်းဆည်းရမိခဲ့သည်။

စီးနင်းတိုက်ခိုက်မှုအတွင်း ARSA နှင့် ဘင်္ဂလားဒေ့ရှ် မှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့  (RAB)  အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ARSA မှ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တပ်မှူးဖြစ်သူ Master Salimullah အသက် (၃၈) နှစ်နှင့် ၎င်း၏ တွဲဖက်ဖြစ်သူ Md Riaz အသက် (၂၇) နှစ်တို့ကို ဖမ်းဆီးနိုင်ခဲ့သည်။

သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ လက်ပစ်ဗုံးငါးလုံး၊ ရိုင်ဖယ်သေနတ်သုံးလက်၊ နိုင်ငံလုပ် လက်ပစ်ဗုံး ၁၀ လုံး၊ နိုင်ငံခြား ခြောက်လုံးပြူး တစ် လက် ၊ အဲလ်ဂျီ တစ် လုံး၊ ခဲယမ်းမီးကျောက်များနှင့် ကျည်ဆံအမြောက်အများ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ လက်နက်မှောင်ခိုတင်သွင်းရန် ပူးပေါင်းကြံစည်နေ သည့် လက်နက် ရောင်းဝယ်သူများ၏ သတင်းပေးချက်အပေါ် အခြေခံ၍ ရဲတပ်ဖွဲ့က ကြာသပတေးနေ့ (မေလ ၁၆ ရက်) က အိုကီးယားမြို့နယ်၏ မာသာဘူနီရာ တွင် နာမည်ဆိုးဖြင့်ကျော်ကြားသောဓားပြတစ်ဦး မေ့ာစ်တက် ၏နေအိမ်ကို၀င်ရောက် စီးနင်းခဲ့သည်။

အဆိုပါစီးနင်းမှုအတွင်း မော့စ်တက်နှင့်အတူ ရာဗီအလမ်၊ ကက်စ်ဟမ်နှင့် မေ့ာစ်တက် ၏ဇနီးဖြစ်သူ တို့ကို ဖမ်းဆီးရမိခဲ့ပြီး အဲလ်ဂျီ နှစ်လုံး၊ ကျည် ၇၇ တောင့်နှင့် ကျည်ဆန် ၂၄ တောင့်တို့ သိမ်းဆည်း ရမိခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

မော့စ်တက် ၏တွဲဖက်ဖြစ်သော ဘီလယ်လ် သည် တက်ကနက် မှထွက်ပြေးစဉ်ဖမ်းဆီးရမိခဲ့ပြီး ၄င်း၏ဖွင့်ဟချက်အရG3 ရိုင်ဖယ်တစ်လက်၊ စက်သေနတ်တစ်လက် ၊ ကျည် ၁၅ တောင့် တို့ကို တက်နက်ကမ်းရိုးတန်းအနီးတွင် သိမ်းဆည်းရရှိခဲ့သည်။

ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံမှနေပြီး ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် အခြေစိုက်သည့် သူပုန်များ ထံ လက်နက်ကြီးများ မှောင်ခိုတင်သွင်းရာတွင် ပါဝင်ပတ်သက်နေသူများဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

သိမ်းဆည်းရမိသည့် လက်နက်များတွင် ဂျာမန်လုပ် G3 ရိုင်ဖယ်များနှင့် ဒုံးကျည် ပစ်ခတ်နိုင်သည့် လက်နက်များကဲ့သို့သော ခေတ်မီလက်နက်များ ပါဝင်ပြီး လက်နက်အများစုမှာ နိုင်ငံခြားလုပ် ပစ္စည်းများဖြစ်သည်။

ရိုဟင်ဂျာဒုက္ခသည် စခန်းများရှိ  ခွဲထွက်ရေးအုပ်စုများ၏ လက်၀ယ်တွင်ယခုကဲ့သို့ လက်နက်ကြီးများရှိနေခြင်းသည် လုံခြုံရေးအတွက်အထူး စိုးရိမ်စရာဖြစ်လာသည်။

“ဖမ်းဆီးခံထားရသည့်တရားခံများသည်လုယက်မှု၊ လက်နက်မှု နှင့် မူးယစ်ဆေးဝါးမှု များတွင် ပါဝင်ပတ်သက်နေသူများဖြစ်ကြပြီး ၎င်းတို့အား ဖမ်းဝရမ်းထုတ်ထားခံရသည့်သူများဖြစ်သည်” ဟုကော့စ်ဘဇားရဲမှူး Md Mahfuzul Islam က ပြော ဆိုသည်။

“ရိုဟင်ဂျာ စခန်းတွေမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး အဖွဲ့ တွေ အမြောက်အမြား ရှိပါ တယ်။ အခြေခံအားဖြင့်တော့ စခန်းတွေမှာ လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ အတွက် မြန်မာဖက်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆီ တရားမဝင် လက်နက်တွေ သယ်ယူလာကြတာပါ။ အကျိုးဆက်အနေနဲ့ က တော့ ဒီမှာ လူသတ်မှု တချို့ ဖြစ်ပွားလျက်ရှိနေပါတယ်” Mahfuzulက ပြော ဆိုသည်။

အဆိုပါ လုပ်ရပ်များကို တားဆီးရန်အတွက် ဘင်္ဂလားဒေ့ရှ် တရားဥပဒေစိုးမိုးရေးအေဂျင်စီများသည် ထောက်လှမ်းရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း ၄င်း က ဆက်လက် ပြောကြားသည်။

(Source/Dhaka Tribune သတင်းကို မူရင်းသတင်းပါ အသုံးအနှုန်းအတိုင်း ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။)

https://www.facebook.com/narinjara.info/posts/857327989767665

Leave a Reply

Your email address will not be published.