By Arakan Bay News / 2024 May 3
ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ ဂုံးနားရွာနှင့် ဆင်အိုးပြင်ရွာကြား အများပြည်သူသွားလာသည့် တံတားကို ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့၊ ညည့် ၁၁ နာရီခန့်အချိန်တွင် စစ်ကောင်စီတပ်သားများက လာရောက်ပြီး မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။
“အဲ့ဒီ တံတားကို စစ်ကောင်စီတပ်သားတွေက မိုင်းခွဲဖျက်ဆီးခဲ့တာပါ။ ဧပြီလ ၂၅ရက်နေ့ ညနေပိုင်း အချိန်က ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။ အခုဆိုရင် ပြည်သူတွေရဲ့ သွားလာရေး အတော်ခက်ခဲသွားပါတယ်” ဟု ဆိုသည်။
ပျက်စီးသွားသည့် တံတားမှာ ဂုံးနားရွာ(မူဆလင်)ရွာနှင့် ဆင်အိုးပြင်(မူဆလင်)ရွာကြားရှိ ချောင်းအား ဆက်သွယ်ထားသည့် တံတားပင်ဖြစ်သည်။
အဆိုပါ တံတားပျက်စီးသွားသောကြောင့် ဆင်အိုးပြင်(မူဆလင်)ရွာနှင့် အခြားကျေးရွာများမှ ဒေသခံပြည်သူများမှာ ဘူးသီးတောင်မြို့သို့ သွားလာရန်အတွက် အခက်တွေ့နေရကြောင်းသိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း ဘူးသီးတောင်မြို့အတွင်းရှိ ရပ်ကွက်များမှ ရက္ခိုင်၊ ဟိန္ဒူနှင့် အခြားမျိုးနွယ်စုဝင်များ၏ နေအိမ် ၅၀၀၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် စစ်ကောင်စီအဖွဲ့မှ လက်နက်တပ်ဆင်ပေးထားသည့် စစ်သွေးကြွ ဘင်္ဂလီ မူဆလင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြို့ခံများက ဆိုသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ စတင်ကာ ရက္ခိုင်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီသည် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ခဲ့သည့်အပြင် အများပြည်သူ သွားလာနေသည့် လမ်းတံတားများကို ဖျက်ဆီးခဲ့သည်။
လက်ရှိတွင် ဘူးသီးတောင်မြို့အနီးပတ်ဝန်းကျင်၌ အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများက ဆိုသည်။
https://www.facebook.com/arakanbaynewsinfo/posts/122141937086180219