By DMG / 2024 May 15

ယခုနှစ်နွေရာသီ မြန်မာနိုင်ငံက မြို့နယ်အချို့တွင် အပူချိန် စံချိန်တင်မြင့်တက်မှုကြောင့် မိုးရွာမည့်နေ့ကို အားလုံးက မျှော်လင့်တောင့်တနေကြသည်။ အပူပြင်းမှုနှင့်အတူ ရေရှားပါးမှုကို စောလျင်စွာ ကြုံတွေ့နေကြရချိန် လူအများစုက မိုးကိုမျှော်လင့်နေကြသော်လည်း မိုးမမျှော်ရဲသူအချို့ ရှိနေသည်။
ရာသီဥတုပူပြင်းမှုအပြင် ရေရှားပါးသည့်ဒဏ်ကိုပါ ဆိုးရွားစွာ ကြုံတွေ့နေရသော်လည်း မိုးရွာလာလျှင် ရင်ဆိုင်ရမည့်အရာများကို တွေးပြီး မိုးမမျှော်ရဲကြောင်း ပြောလာသူက ရခိုင်ပြည်၊ ကျောက်တော်မြို့၊ ကဝီရတနာ စစ်ဘေးရှောင်စခန်းက ဒေါ်အေးကျော့ပင် ဖြစ်သည်။
“သုံးဥတုထဲမှာ မိုးရာသီကို အကြောက်ဆုံးပဲ။ စစ်ဘေးရှောင်က သစ်ဝါးတွေနဲ့ တာပေါ်လေစမိုးပြီးနေကြတာ။ အခိုင်အမာမဟုတ်တော့ မိုးရာသီမှာဆိုရင် အဆင်မပြေဘူး။ နေထိုင်ရတာ အရမ်းခက်ခဲတယ်။ မိုခါမုန်တိုင်း တိုက်တုန်းကဆိုရင် တအားကြောက်ခဲ့တာ။ အိမ်ပြိုလဲသွားပြီး မလုံခြုံတဲ့ အမိုးအကာအောက်မှာ စိုစိုစွတ်စွတ်နဲ့ သုံးလလောက် နေခဲ့ရတယ်”
စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲများကြောင့် ဒေါ်အေးကျော့သည် ၂၀၂၀ ပြည့်နှစ်ကစပြီး ကျောက်တော်မြို့၊ ကဝီရတနာ စစ်ဘေးရှောင်စခန်းမှာ ခိုင်လှုံနေရသူဖြစ်သည်။
ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် အမိုးအကာနှင့်အသက်အန္တရာယ် လုံခြုံမှုမရှိသည့် နေရာများတွင်နေကြရချိန် မိုးရွာလာလျှင် ကြုံရမည့်အခြေအနေများကို စစ်ဘေးရှောင်များက တွေးပူနေကြခြင်း ဖြစ်သည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့်နှစ်က မိုခါမုန်တိုင်းကြောင့် နေအိမ်အများအပြားနှင့် သောက်သုံးရေကန်များ ရာနှင့်ချီ ပျက်ဆီးဆုံးရှုံးခဲ့သည့်အပြင် ယခုနှစ်သည် အပူချိန်နှင့် ရာသီဥတု ပိုမိုပြင်းထန်သည့် အယ်နီညိုနှစ်ဖြစ်သဖြင့် နွေရာသီ ပုံမှန်အချိန်ထက်စောပြီး ရေရှားပါးခဲ့သည်။
ပုဏ္ဏားကျွန်မြို့နယ်ရှိ ကုလားချောင်း၊ မက္ကာလာကျ၊ ဆားတောင်ပို့၊ ပလီးမော်၊ ရဲရိုးပြင်၊ ဩရမ၊ သင်းပုန်းတန်း စသည့်ကျေးရွာများမှာ မိုခါမုန်တိုင်းတိုက်ခတ်စဉ် ဆားငန်ရေနှင့် အမှိုက်သရိုက်များ ဝင်ရောက်ခြင်းကြောင့် ရေတွင်းရေကန်များစွာ ပျက်စီးခဲ့သည်။
ထိုကဲ့သို့ သောက်သုံးရေကန်များ ပျက်စီးသွားသောကြောင့် ဒေသခံပြည်သူများမှာ ရေရှားပါးမှုဒဏ်ကို ယခင်နှစ်များထက် စောကြုံရကြောင်း ဩရမကျေးရွာမှ အသက် ၅၀ ကျော် ဦသန်းထွန်းစိုးက ပြောသည်။
“သောက်သုံးရေက အရင်တုန်းကလည်း ရှားပါးတယ်။ ဒါပေမဲ့ မနှစ်မှာ ရေကန်တွေပျက်စီးသွားတော့ ပိုခက်ခဲတယ်။ မိနစ်သုံးဆယ်လောက် လမ်းလျှောက်ပြီး တောတောင်ထဲကနေ ရေသွားခပ်ရတယ်။ ရေခပ်ဖို့အတွက် သီသန့်အချိန်ပေးနေရတယ်။ အဲဒီအထဲ ရေမရတဲ့နေ့တွေက ရှိသေးတယ်”
ပြီးခဲ့သည့်နှစ်များက ဧပြီလအကုန် မေလဆန်းပိုင်းရောက်မှသာ သောက်သုံးရေရှားမှုကို ကြုံတွေ့ရပြီး ယခုနှစ်တွင် စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်ဦးရေ တိုးများလာခြင်းနှင့် ရေကန်အပျက်အစီး များပြားနေမှုကြောင့် ရေရှားပါးမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရခြင်း ဖြစ်သည်။
မသေချာသည့် အလုပ်အကိုင်အခွင့်အလမ်း၊ မလုံခြုံသည့်အမိုးအကာများဖြင့် နေနေရသည့် စစ်ရှောင်များမှာ ရေရှားသည့်ဒဏ်ထက် မိုးများသည့် ရခိုင်ပြည်၏ မိုးရာသီဒဏ်ကို တွေးပြီး ကြောက်နေကြသည်။
“မိုးရာသီရောက်ရင် ခြင်တွေကိုက်တာနဲ့၊ အဲဒီအထဲ ခြင်ထောင်တွေက မလုံလောက်ဘူး။ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတယ်။ ပြီးရင် ကလေးငယ်တွေက နေမကောင်းတော်တော်ဖြစ်ကြတယ်။ အခုနှစ်ဆိုရင် ပိုပြီးကို ဒုက္ခခံရမယ်။ အမိုးအကာမလုံတာတွေနဲ့ ဘယ်လိုဘယ်ပုံဖြစ်လာမလဲဆိုတာတောင် မတွေးရဲဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင် ဦးကျော်နိုင်က ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ကဏန်းတောင်ကျေးရွာ၊ စိုက်ပျိုးရေးကယ်ဆယ်ရေးတွင် ၄ နှစ်ကြာခိုလှုံနေသူ ဦးကျော်နိုင်မှာ လုံခြုံမှုမရှိသောစစ်ဘေးရှောင်စခန်းတွင်နေပြီး မကြာမီ မိုးရာသီဖြတ်သန်းရမည့်အရေးကို တွေးပူနေခြင်းဖြစ်သည်။
ယင်းကဲ့သို့ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်လျှက်ရှိသော မူလစစ်ဘေးရှောင်များအပြင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ကစတင်ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသော စစ်ဘေးရှောင်များမှာလည်း မိုးရာသီရောက်လျှင် နေထိုင်စရာဘုံပျောက်မည့် အနေအထားတွင် ရှိနေသည်။
ပုဏ္ဏားကျွန်း – ကျောက်တော် ကားလမ်းနံဘေးနှင့် ရွာအနီးလယ်ကွင်းများတွင် ယာယီတဲထိုးပြီး နေထိုင်ကြသော စစ်ဘေးရှောင်များ၏ နေရာမှာ လယ်ယာ၊ စားကျက်မြေများဖြစ်နေသဖြင့် မိုးရာသီရောက်လျှင် လယ်ပိုင်ရှင်များက စပါးစိုက်ပျိုးရန် လိုအပ်နေသောကြောင့် နေရာရွှေ့ရမည့်သဘောဖြစ်သည်။
“မိုးရာသီရောက်ရင် လယ်သမားတွေမှာ စပါးစိုက်တော့မှာဖြစ်လို့ ကျမတို့အနေနဲ့ နေရာဖယ်ပေးရတော့မယ်။ အိမ်ပြန်ခွင့်လည်းမရသေးဘူး။ နေစရာနေရာ ပျောက်နေတယ်။ ဘယ်နေရာသွားနေရမလဲ မသိတော့ဘူး။ တာဝန်ရှိသူတွေဘက်က စီစဉ်ပေးစီချင်တယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာအနီး လယ်ကွင်ပြင်းမှာ တဲထိုးပြီးနေသူ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းအပြင် ပန်းရံ၊ အဝတ်လျှော်၊ ကုန်တင်ကုန်ချ၊ ထင်းခုတ် စသည့် ကြုံရာကျပန်းအလုပ်များကို လုပ်ကိုင်နေကြသော စစ်ဘေးရှောင်များမှာလည်း လက်ရှိတိုက်ပွဲများကြောင့် အလုပ်လုပ်မဲ့ဘ၀ ရောက်နေကြရပြီး လာမည့် မိုးရာသီတွင် စား၀တ်နေရေးအခြေအနေ ပိုဆိုးလာမည်ဖြစ်သည်။
“အရင်တုန်းကဆိုရင် အခုလို နွေရာသီတွေမှာ အလုပ်တွေ အများကြီးလုပ်ပြီး ပိုက်ဆံစုထားတာတွေ ရှိတယ်။ အဲဒီပိုက်ဆံတွေ၊ ထောက်ပံ့ကြးတွေနဲ့ပေါင်းပြီး မိုးရာသီရောက်ရင်သုံးတယ်။ ကျနော်တို့အတွက် မိုးရာသီမှာက အလုပ်ရှားတယ်။ မိုးရွာရင် တောင်ပေါ်တက်ပြီး ဟင်တွေသွားခူးလို့မရဘူး။ နောက်ပြီးရင် ကုန်ထမ်းလို့လည်း မရဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြစ်လှဲစခန်းက စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
လက်ရှိစစ်ရေးကာလတွင် ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များမှာ အလုပ်လက်မဲ့ဘဝ ရောက်နေရသည့်အပြင် အကူအညီအထောက်အပံ့များလည်း ပြတ်တောက်နေသဖြင့် အမိုးအကာလုံခြုံမှုမရှိသည့် နေအိမ်များကို ပြန်လည်ပြုပြင်နိုင်မည့်အစား ထမင်းနပ်မှန်ရန်အရေး မနည်းရုန်းကန်နေကြရသည်။
ပုဏ္ဏားကျွန်းမြို့နယ် သရက်ချို၊ ယိုးငူကျေးရွာများအနီးတွင် စစ်ဘေးရှောင် အိမ်ထောင်စု ၅၀၀ ခန့်၊ လူဦးရေအားဖြင့် သုံးထောင်ကျော်မှာ သစ်ပင်အောက်၊ ရေမြောင်းများထဲ၊ ကားလမ်းနံဘေးများတွင် အမိုးအကာ အစုတ်အပြဲများဖြင့် တဲထိုးပြီး အအေးဒဏ်၊ အပူဒဏ်ကို ကြံ့ကြံခံနေထိုင်နေကြသည်။
“မိုးရာသီဖြတ်သန်းရမှာ မြေနေရာကအစ အမိုးအကာ အခက်အခဲများစွာရှိတယ်။ အခြားရာသီတွေမှာက အဆင်ပြေသလို နေလို့ရသေးတယ်။ မိုးရာသီမှာက အမိုးအကာလုံခြုံမှုမရှိရင် လုံဝ နေလို့အဆင်မပြေဘူး” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ရခိုင်စစ်ပွဲအတွင်း အာရက္ခတပ်တော်(AA)က ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ နှင့် မြေပုံ မြို့နယ်တို့ကို ထိန်းချုပ်ထားပြီးဖြစ်သော်လည်း တိုက်ပွဲကာလ နေအိမ်ပျက်စီးမှုများကြောင့် စစ်ဘေးရှောင်များမှာ နေရပ်ပြန်ရန် အလှမ်းဝေးနေဆဲဖြစ်ပြီး လာမည့်မိုးရာသီကာလ နေထိုင်ရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေကြသည်။
စစ်ပွဲကြောင့် ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ သုံးသိန်းကျော်အထိရှိလာပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေ အပြင် မိုးတွင်းကာလနေထိုင်ရေး စသည့် အရေးပေါ်အကူအညီ လိုအပ်ချက်များ မြင့်မားလျက်ရှိနေသည်။
“ကျမတို့မှာ ပြန်နေလို့ရပြီဆိုပေမဲ့ အိမ်လည်းမရှိတော့ဘူး။ အိုးလည်းမရှိတော့ဘူး။ အခုအခြေအနေမှာက တဲထိုးပြီး နေမယ်ဆိုရင်လည်း အမိုးအကာတွေဝယ်ဖို့ အဆင်မပြေဘူး” ဟု ပုဏ္ဏားကျွန်းစစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
မမျှော်ရဲသည့် မိုးရာသီမှာ စစ်ရှောင်များဆီ မကြာမီရောက်လာတော့မည်။ အပူထက် မိုးကို ပိုကြောက်နေကြသည့် စစ်ဘေးရှောင်များမှာ ဘာမှအဆင်သင့်မရှိသည့်ဘဝဖြင့် စစ်ပွဲဒဏ်များအပြင် မိုးရာသီဒဏ်ကို အံတုကြရပေဦးမည်။
https://www.facebook.com/dmgnewsagency/posts/839750571531874