By Western News / 2024 May 3
ပလက်ဝမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးသီးများပါ ရွာသွန်း၍ ခရစ်ယာန်ဘုရားကျောင်းအပါဝင် လူနေအိမ် ၁၃ လုံး ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။
ပလက်ဝမြို့နယ် မောစုန်းကြီးအုပ်စု၊ ပိုင်ဆိန်ကျေးရွာတွင် မေလ ၂ ရက်၊ နံနက် ၆ နာရီ မိနစ် ၃၀ အချိန်က လေပြင်းမုန်တိုင်း တိုက်ခတ်သည့်အပြင် မိုးသီးများပါ ရွာသွန်း၍ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
ပလက်ဝဒေသခံတစ်ဦးက ” လေက ပြင်းတဲ့အပြင် မိုးသီးတွေကလည်း အားနဲ့ကျလာတော့ နေအိမ် ၁၃ ဆောင်လောက်ဟာ ခေါင်မိုးလန်တာ၊ မိုးသီးကြောင့် ခေါင်မိုးပေါက်ထွက်သွားတာတွေရှိတယ်။ ” ဟု ပြောသည်။
မြောက်ဦးမြို့တွင်လည်း ယနေ့ မေလ ၃ ရက်နေ့ နံနက်ကစ၍ လက်ရှိအချိန်အထိ မိုးသက်လေပြင်းကျရောက်နေကြောင်း ပန်းမြောင်းဒေသခံတစ်ဦးက ပြောသည်။
” နေအိမ်တွေ ပျက်စီးတာတွေတော့ မရှိသေးဘူး။ တချို့ဈေးဆိုင်ခန်းငယ်တွေတော့ ပျက်စီးတာရှိတယ်။ မိုးသက်လေပြင်းက တအားပြင်းတာ။ မိုးသီးကလည်း ကြွေနေတယ်။ အပြင်ထွက်သွားလာရင် အဆောင်းမပါရင် ခေါင်းတွေ ကွဲနိုင်တယ်။ မိုးသီးတွေကလည်း အကြီးကြီးလေ။ ” ဟု ပြောသည်။
မိုးရာသီကာလ ရောက်လာတော့မည်ဖြစ်၍ ရခိုင်ပြည်တွင် စစ်ဘေးရှောင်စခန်းအချို့နှင့် စစ်ကောင်စီကြောင့် ပျက်စီးသွးသော နေအိမ်များမှာ အမြန်ဆုံးပြုပြင်ရန် လိုအပ်နေကြသည်။
သို့သော်လည်း စစ်ကောင်စီ၏ လက်နက်ကြီးဒဏ်၊ ဗုံးဒဏ်များကြောင့် ပျက်စီးသွားသော ဒေသခံပြည်သူများ၏ နေအိမ်များမှာ ယနေ့အချိန်အထိ ပြုပြင်ရခြင်းမရှိဘဲ အလှူရှင်များလိုအပ်နေကြခြင်းဖြစ်သည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/888096063329821