By Western News / 2024 May 29
တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော ၁၉၅ ဖွဲ့၏ ရခိုင့်အရေးအပေါ် သဘောထားထုတ်ပြန်ကြေညာချက်မှာ မြေပြင်အခြေအနေနှင့်ကွဲလွဲနေ၍ ဂျပန်အခြေစိုက် မြန်မာတိုင်းရင်းသား ၁၀ ဖွဲ့က ကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့ မေလ ၂၈ ရက်နေ့က သဘောထား ထုတ်ပြန်ထားသည်။
ရခိုင်ပြည်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသော မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA, ARA, RSO နှင့် စစ်ကောင်စီတို့သည် စစ်ရေးပူးပေါင်းနေသည့်အပြင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်စေရန် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည်ဟု အဆိုပါ ၁၀ ဖွဲ့က ပြောသည်။
ယင်းအကြမ်းဖက်အဖွဲ့ စစ်ကောင်စီ၊ ARSA၊ ARA၊ RSO တို့နှင့် ပတ်သက်ဆက်နွယ်နေသော ပြည်တွင်းပြည်ပရှိ အမည်ခံကိုယ်ကျိုးရှာအဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များပါသော ၁၉၅ ဖွဲ့သည် စစ်ကောင်စီ အာဘော်နှင့်တူညီသော ရခိုင်မြောက်ပိုင်းအရေး မဟုတ်မမှန်သတင်းများကို ရည်ရွယ်ချက်ရှိရှိ မေလ ၂၂ ရက်နေ့တွင် သဘောထားထုတ်ပြန်ကြေညာခဲ့ကြောင်း ဂျပန်ရောက် မြန်မာတိုင်းရင်းသား ၁၀ ဖွဲ့က စွပ်စွဲပြောဆိုထားသည်။
၁၉၅ ဖွဲ့သည် ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တို့တွင် အာရက္ခတပ်တော် AA က မွတ်ဆလင်များအပေါ် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် မွတ်ဆလင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု စွပ်စွဲထုတ်ပြန်ခဲ့သည်။
၁၉၅ ဖွဲ့၏ စွပ်စွဲပြောဆိုချက်များမှာ AA ဆောင်ရွက်နေသော မြေပြင်အခြေအနေများနှင့် ကွဲလွဲနေပြီး နိုင်ငံတကာနှင့် ယူအန်ကို သတင်းအမှားများ ဖြန့်ဝေနေ၍ ဂျပန်ရောက်မြန်မာတိုင်းရင်းသားများက သဘောထားထုတ်ပြန်ခြင်းဖြစ်သည်။
၁၉၅ ဖွဲ့ထဲတွင် လူ့အခွင့်အရေးခေါင်းစဉ်နှင့် အသုံးချခံအဖြစ် ပါဝင်ခဲ့ကြသည့် အဖွဲ့အစည်းများအနေဖြင့် ရခိုင်ပြည်၏ ပကတိအဖြစ်မှန်များကို ဂဃနဏ သေသေချာချာ မသိဘဲ ပါဝင်ခြင်းမှ တရားဝင်နှုတ်ထွက်ကြရန်လည်း အဆိုပါ ၁၀ ဖွဲ့က တောင်းဆိုထားသည်။
ဂျပန်ရောက်မြန်မာတိုင်းရင်းသား ၁၀ ဖွဲ့အနေဖြင့် စစ်အာဏာရှင် အဆုံးသတ်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ဖြစ်ပေါ်လာရေးအတွက် စစ်ကိုင်း၊ ပဲခူးနှင့် ရခိုင်ပြည်အတွင်း တိုက်ပွဲဝင်နေသော AA နှင့်အတူ ရပ်တည်ကြောင်းလည်း သဘောထားထုတ်ပြန်ခဲ့သည်။
အာရက္ခတပ်တော် AA သည် နိုင်ငံတစ်ဝှမ်း အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသော စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့အစည်းများကို ရှင်းလင်းနေခြင်းသာရှိပြီး အပြစ်မရှိသော မွတ်ဆလင်လူမျိုးများကို မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းမရှိကြောင်း AA က ပြောဆိုထားသည်။
စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော မွတ်ဆလင်လက်နက်ကိုင်အဖွဲ့အစည်းများမှာ ဘူးသီးတောင်၊ မောင်တောဒေသတွင် မွတ်ဆလင်များအပါအဝင် ရခိုင်ပြည်သူများအား ဖမ်းဆီးထားခြင်း၊ သတ်ဖြတ်ခြင်းများကို ကျူးလွန်နေသည်ဟု သိရသည်။
အာရက္ခတပ်တော် AA အနေဖြင့် ၎င်းတို့ဖမ်းဆီးချုပ်နှောင်ထားသော မွတ်ဆလင်လူမျိုးများအားလုံးကို အသက်စွန့်ကယ်ထုတ်နေကြောင်းနှင့် လက်ရှိတွင် မွတ်ဆလင် ၇၅၀၀ ခန့်ကို ကယ်ထုတ်ထားပြီဟု AA ထုတ်ပြန်ချက်များအရ သိရသည်။
စစ်ကောင်စီနှင့် မွတ်ဆလင်အကြမ်းဖက်အဖွဲ့များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် ဒဏ်ရာရရှိထားသော မွတ်ဆလင် အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်များကို AA ဆေးတပ်ဖွဲ့မှ ကြိုးစားကုသဆောင်ရွက်ပေးနေကြောင်း AA က ထုတ်ပြန်ထားသည်။
၁၉၅ ဖွဲ့ထဲမှ ရခိုင်ပြည် မြေပြင်အခြေအနေကို သေချာလေ့လာခြင်းမရှိဘဲ ပါဝင်ခဲ့သည့် တော်လှန်ရေးအဖွဲ့အစည်း ၂ ခုမှာ တရားဝင်နှုတ်ထွက်ထားကြောင်းလည်း သိရသည်။ ယင်းအဖွဲ့များမှာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ GSC နှင့် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ– ရန်ကုန်) အဖွဲ့တို့ဖြစ်သည်။
AA ကလည်း ၁၉၅ အဖွဲ့အားလုံးအနေဖြင့် ရခိုင်မြေပြင်အခြေအနေနှင့် သတင်းမှန်များကို မသိရှိဘဲ သဘောထားထုတ်ပြန်ခဲ့ခြင်းနှင့် ပါဝင်ခဲ့ရသည့်အကြောင်းအရင်းများကို တစ်ဖွဲ့ချင်းစီ ပြန်လည်ရှင်းလင်းထုတ်ပြန်ပေးရန် တောင်းဆိုထားသည်။
ပုံစာ – စစ်ကောင်စီကြောင့် ဒဏ်ရာရထားသည့် မွတ်ဆလင်အမျိုးသမီးကို AA က ဆေးကုသပေးနေခြင်းနှင့် ဒဏ်ရာရရှိထားသော မွတ်ဆလင်အမျိုးသားကို မည်သူကြောင့် ဒဏ်ရာရထားသည်ကို AA စစ်သမီးက မေးမြန်းနေစဉ်။ (ဓါတ်ပုံ – AA Interview Video)
Western News-WN
https://www.facebook.com/westernnewsagency/posts/905257228280371