တိုက်ပွဲများကြား ရခိုင်က ကလေးငယ်များ ပညာသင်ကြားခွင့် ဆုံးရှုံးနေ

By Western News / 2024 May     31

ပုံစာ – ၂၀၂၂-၂၃ ကျောင်းဖွင့်ရာသီ ဇွန်လ ၁ ရက်နေ့တွင် တွေ့ရသော စစ်တွေမြို့က ကျောင်းနေအရွယ်ကလေးငယ်များ။

ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသော အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများကြား ကျောင်းနေအရွယ်ကလေးငယ်များမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း သိရသည်။

ရခိုင်မှာ AA ထိန်းချုပ်ဒေသနှင့် စစ်ကောင်စီ ထိန်းချုပ်ထားဆဲဒေသ ဟူ၍ နှစ်မျိုးရှိပြီး တိုက်ပွဲကလည်း အရှိန်ပြင်းပြင်း ဖြစ်ပွားနေ၍ နှစ်ဖက်စလုံးထိန်းချုပ်ဒေသတွင် ကျောင်းနေအရွယ် ကလေးငယ်များမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြခြင်းဖြစ်သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စစ်ကောင်စီ ထိန်းချုပ်မြို့များတွင် ကျောင်းအပ်လက်ခံနေသော်လည်း ဒေသမတည်ငြိမ်မှုကြောင့် ကျောင်းအပ်နှံသူ အလွန်နည်းပါးကြောင်း စစ်တွေနေ ကျောင်းဆရာတစ်ဦးက ပြောသည်။

“ကျောင်းလာအပ်သူတွေက မရှိသလောက်ကို နည်းပါတယ်။ အရင် ကျောင်းသားဦးရေ ၁၀၀၀ လောက် ကျောင်းလာအပ်တဲ့ ကျောင်းတစ်ကျောင်းမှာ ၁၀ဝ လောက်တောင် မရှိဘူးပေါ့နော်။ ပြီးတော့ ကျောင်းမှာက ဆရာဆရာမတွေကလည်း မစုံဘူး။ မတည်ငြိမ်တဲ့ အခြေနေဆိုတော့ ရောက်တဲ့နေရာက ကျောင်းလာတက်ကြဖို့ကလည်း မဖြစ်နိုင်ဘူးလေ” ဟု ပြောသည်။

စစ်တွေအပြင် စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ အမ်းမြို့နယ်တို့တွင်လည်း ကျောင်းအပ်နှံသူ နည်းပါးကြောင်း စုံစမ်းသိရသည်။

အလားတူ AA ထိန်းချုပ်မြို့နယ်များတွင်လည်း မြို့ခံကျောင်းနေအရွယ် ကလေးငယ်များနှင့် အနယ်နယ်အရပ်ရပ်မှ စစ်ရှောင်လာသော ကျောင်းနေအရွယ်ကလေးငယ်များမှာ တရားဝင် ပညာသင်ကြားခွင့်ကို ဆုံးရှုံးနေရကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

AA ထိန်းချုပ်ဒေသတွင် ပညာသင်ကြားနေရသော အခြေအနေကို ကျောက်တော်ဒေသခံ ကျောင်းသားမိဘတစ်ဦးက ယခုလိုပြောသည်။

“တစ်ချို့နယ်ဖက်တွေမှာဆို ဘကကျောင်း (ဘုန်းကြီးသင်ပညာရေးကျောင်း) တွေ ဖွင့်တယ်။ အများစုကတော့ ကျူရှင်စနစ်နဲ့ပဲ ပညာသင်နေကြရတာ များတယ်။ ကျမသားလေးက ခုပညာရေးစနစ်နဲ့ဆို ၁၂ တန်းတက်မှာ။ ကျောင်းတွေလည်း မဖွင့်တော့ စိတ်အလေအလွင့်မဖြစ်ရအောင် ဘုန်းတော်ကြီးကျောင်းမှာပဲ ထားဖို့ စိတ်ကူးထားတယ်။ ဒါပေမယ့် လေကြောင်းအန္တရာယ်ကအမြဲရှိနေတော့ ကျမ အပါအဝင် ကျောင်းသားမိဘ အများစုက ကလေးတွေကို စိတ်မချကြဘူး။ အခုလို ပညာသင်နေရတဲ့ပုံစံက ထိရောက်တဲ့ စနစ်မျိုးနဲ့မဟုတ်တော့ ကလေးတွေ ပညာရေးအတွက် စိုးရိမ်ရတဲ့ အနေထားမျိုးရှိနေသေးတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် AA အပါအဝင် အာရက္ခပြည်သူ့အစိုးရအဖွဲ့က လွတ်မြောက်နယ်များတွင် ပညာရေးနှင့်ပတ်သက်ပြီး မည်ကဲ့သို့ စီစဉ်ထားသည်ကို ရှင်းလင်းပြောဆိုချက်များ မရှိသေးကြောင်းလည်း သိရသည်။

လွတ်မြောက်နယ်မြေက ပညာရေးနှင့်ပတ်သက်ပြီး AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားချက် မရှိခဲ့ပေ။

ရခိုင်က မြို့နယ်များအားလုံးတွင် ကျောင်းနေအရွယ် ကလေးငယ်များမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ပညာရေးနှင့်ပတ်သက်၍ စီစဉ်ထားခြင်းများကို ရှင်းလင်းစွာ သိရှိနိုင်ရန် လိုလားနေကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/906709934801767

Leave a Reply

Your email address will not be published.