စနဲမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရ၊ ဘုန်းတော်ကြီးကျောင်း ပျက်စီးသွား

By Arakan Bay News / 2024 May      21

ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို စစ်ကောင်စီအဖွဲ့က ယမန်နေ့ မေလ ၂၀ရက်နေ့တွင် Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ဘုန်းတော်ကြီးကျောင်းဆောင်လည်း ပျက်စီးခဲ့ရကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ဒဏ်ရာရရှိခဲ့သူမှာ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ မျှောချောင်းရွာမှ ဦးမောင်ကျော်လှ ၇၂နှစ်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နေ့လယ် ၂နာရီကျော်အချိန်တွင် ကျောက်ဖြူမြို့အခြေစိုက် စစ်ကောင်စီ၏ တောင်မော်ကြီးရေတပ်စခန်းမှ တိုက်ခိုက်ရေး ဒရုန်း တစ်စီးသည် မျှောချောင်းရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင်း သက်ကြီးပိုင်းရွာသား တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဆောင်လည်း ပျက်စီးခဲ့ကြောင်း မျှောချောင်းရွာသား တစ်ဦးက AB News သို့ ပြောဆိုသည်။

“မနေ့ က နေ့လယ် ၁နာရီကျော်မှာ စစ်ကောင်စီအဖွဲ့က စနဲမြို့ပတ်ဝန်းကျင်ကို ဗုံး ၄လုံး ကြဲချခဲ့ပါတယ်။ ရွာဟောင်းတောရွာမှာ နှစ်လုံး၊ ပြိုင်းဆိပ်တောင်ရွာကို တစ်လုံးနဲ့ မျှောချောင်းရွာရဲ့ ဘုန်းတော်ကြီးကျောင်းကိုလည်း ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒါကြောင့် မျှောချောင်းရွာသား တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၉ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့သို့ အကြမ်းဖက် စစ်ကောင်စီက ဒရုန်းဖြင့် ၃ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ အဆောက်အဦးအချို့ မီးလာင်ပြာကျသွားခဲ့ရသည်။ ထို့အပြင် စနဲမြို့မဈေးလည်း မီးလောင်ပျက်စီးခဲ့ရသည်။

ကျောက်ဖြူမြို့နယ်၊ သစ်ကတိုးရွာကို  စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦးပွဲချင်းပြီးသေဆုံးပြီး လူငယ် ၂ ဦးဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်း ၁ ဆောင်အပါအဝင် လူ​နေအိမ် ၃ ဆောင်ပျက်စီးသွားကြောင်းသိရသည်။

https://www.facebook.com/arakanbaynewsinfo/posts/122145617456180219

Leave a Reply

Your email address will not be published.