စစ်ရေးတင်းမာနေသည့် စစ်တွေမြို့ပေါ်တွင် နေ့ခင်းကြောင် တောင် ဓားပြတိုက်မှုဖြစ်ပွား

By Narinjara / 2024 May     31

စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် နေ့ခင်းကြောင်တောင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယမန်နေ့ မေလ ၃၀ ရက်၊ နေ့လယ် ၂ နာရီတွင် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်ရှိ ဗုဒ္ဓပြတိုက်၏ နောက်ဘက်ခြမ်းမှနေအိမ်တစ်လုံး၌ အမျိုးသမီးတစ်ဦးတည်းရှိနေချိန် မျက်နှာစိမ်းလူ ၃ ဦးက ဝင်ရောက်ပြီး ဓားပြတိုက်သွားခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

မြို့ခံတစ်ဦးက “အိမ်မှာက မိသားစုနဲ့အတူနေတာပါ။ ဒါပေမဲ့ အဲဒီအချိန်က အိမ်မှာ မိန်းမတစ်ယောက်တည်းရှိနေချိန် ဝင်တိုက်သွားတာ”ဟု ပြောသည်။

ယင်းသို့ ဓားပြတိုက်ခံရမှုကြောင့် ရွှေ ၃ ကျပ်နှင့် ကျပ် ၂၇ သိန်း ပါသွားသည်ဟုလည်း သူက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မကျည်းမြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးကိုဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

စစ်တွေတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ နှစ်ဘက် စစ်ရေးတင်းမာနေချိန် ဖြစ်သည်။

စစ်ကောင်စီတပ်က မြို့တစ်ခုလုံးကိုထိန်းချုပ်ထားဆဲအချိန်တွင် ယခုကဲ့သို့ နေ့ခင်း ကြောင်တောင် ဓားပြတိုက်မှုပေါ်ပေါက်ခဲ့မှုကြောင့် မြို့နေလူထုသည် တရားဥပဒေစိုးမိုးမှုအပေါ် မေးခွန်းထုတ်နေပြီး အလွန်တရာ စိုးရိမ်ကြောင့်ကြလျက်ရှိသည်ဟု လည်း သိရသည်။

စစ်ကောင်စီသည် မြို့ဝင်မြို့ထွက်များကို လေကြောင်းလမ်းမှအပ ကုန်းလမ်းနှင့်ရေလမ်းတို့ကို တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားပြီး မြို့လူထု၏ ဆေးဝါးနှင့် စားနပ်ရိက္ခာများကို ဖြတ်တောက်ထားသည်ဟုလည်း မြို့ခံများက ဆိုသည်။

https://www.facebook.com/narinjara.info/posts/863276832506114

Leave a Reply

Your email address will not be published.