By Narinjara / 2024 May 31
ချိုးလူမျိုးစု အဖွဲ့အစည်း (K’cho Ethnic Association) ၏သဘောဆန္ဒမပါရှိဘဲ အဖွဲ့အစည်း ၁၉၅ ဖွဲ့ ကြေညာချက်ထဲတွင် ပါဝင်နေမှုအပေါ် သဘေထားထုတ်ပြန်လာသည်။
၎င်းအဖွဲ့မှ မေလ ၂၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်အား နိရဉ္စရာသတင်းဌာနသို့ ပေးပို့ရာတွင် အဆိုပါ အဖွဲ့အစည်း၏ ထုတ်ပြန်ချက်အား ယခုလို ဖော်ပြထားသည်။
တော်လှန်ရေးအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်း ၁၉၅ ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်တွင် CEA အဖွဲ့အစည်း အမည်နာမ ပါဝင်မှုအပေါ် CEA (Europe) ၏ အသိပေးကြေငြာချက်
သက်ဆိုင်သူအဖွဲ့အစည်းအားလုံးနှင့် ချိုးပြည်သူများသို့ အသိပေးကြေညာချက်
ရက်စွဲ။ ။မေလ၊ ၂၉ရက်၊ ၂ဝ၂၄ ခုနှစ်။
(၁) ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေများနှင့် ပါတ်သက်၍ မေလ၊ ၂၂ ရက်၊ ၂ဝ၂၄ ခုနှစ် နေ့စွဲဖြင့် ထုတ်ပြန်ထားသော တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း ၁၉၅ ဖွဲ့၏ ပူးတွဲ သဘောထား ထုတ်ပြန်ချက်တွင် မိမိတို့အဖွဲ့အစည်း၏သဘောဆန္ဒမပါရှိဘဲ ချိုးလူမျိုးစုအသင်း (CEA) ၏ အမည်နာမ ပါဝင်လာခဲ့သည်။
(၂) CEA သည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ အမျိုးသားတန်းတူရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ စနစ်တည် ဆောက်ရေးနှင့် မိမိတို့ ချိုးလူမျိုးစုတို့၏အမျိုးသားစာပေ၊ ယဉ်ကျေးမှုမြှင့်တင်ရေးတို့ကို တစိုက်မတ်မတ် လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ အဖိနှိပ်ခံ လူနည်းစုများ၏ လူ့ဂုဏ်သိက္ခာ၊ လူအခွင့်အရေးဘက်မှ အမြဲရပ်တည်ကာ နိုင်ငံတကာမှ ချမှတ်ထားသော လူ့အခွင့်အရေးဆိုင်ရာ ဥပဒေသများ၊ သဘောတူညီချက်များကိုလည်း အလေးထား လေးစားလိုက်နာသော အဖွဲ့အစည်းဖြစ်ပါသည်။
(၃) CEA (Europe) သည် တော်လှန်ရေးကာလအတွင်း တော်လှန်ရေးကိုထောက်ပံ့ပေးနေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးတွဲထုတ်ပြန်ချက်များ ထုတ်ပြန်လေ့ရှိသော်လည်း ယခု ၁၉၅ ဖွဲ့ ထုတ်ပြန်ချက်တွင် CEA (Europe) အနေဖြင့် ပါဝင်ဆွေးနွေးအတည်ပြုခြင်း မရှိကြောင်း ပြည်သူလူထုနှင့်တကွ သက်ဆိုင်သူအဖွဲ့အစည်းများအားလုံး သိရှိစေရန် အသိပေး ထုတ်ပြန်အပ်ပါသည်။
https://www.facebook.com/narinjara.info/posts/863064509194013