By Western News / 2024 May 3
နှိပ်စက်သတ်ဖြတ် မြေမြှုပ်ခံခဲ့ရသော Western News သတင်းထောက် ဖိုးသီဟ (ခ) မြတ်သူထွန်းအတွက် တရားမျှတမှုရရှိရေး တောင်းဆိုခြင်း
၂၀၂၄ ခုနှစ်၊ မေလ (၃) ရက်
ရခိုင်ပြည်အရေးနှင့် မြန်မာ့အရေးကို နှစ်ရှည်လများ သတင်းရေးသားခဲ့သော သတင်းထောက်ဖိုးသီဟ (ခ) မြတ်သူထွန်းသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် စစ်ကောင်စီလည်းဖြစ် မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင် များက ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
သတင်းထောက် ဖိုးသီဟ (ခ) မြတ်သူထွန်းသည် ရခိုင်ပြည် မြောက်ဦးမြို့ဒေသခံဖြစ်ပြီး နိုင်ငံတော်ကိုအကြည်ညို ပျက်စေသည်ဟု စွပ်စွဲ၍ မြန်မာစစ်တပ်သည် ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးတရားစွဲဆိုကာ မြောက်ဦးရဲစခန်း၌ ချုပ်နှောင်ထားခဲ့သည်။
တကျော့ပြန် ရခိုင်ပြည်တိုက်ပွဲအတွင်း အာရက္ခတပ်တော် AA သည် မြောက်ဦးမြို့ရဲစခန်းအား သိမ်းပိုက်နေချိန် ရဲစခန်းအချုပ်ခန်း၌ ဖမ်းဆီးချုပ်နှောင်ခံထားရသော အချုပ်သားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြောက်ဦးအခြေစိုက် ခမရ ၅၄၀ တပ်ရင်းသို့ ပြောင်းရွှေ့ခဲ့သည်။
ဆက်လက်၍ AA က ခမရ ၅၄၀ တပ်ရင်း၊ ၃၇၇ တပ်ရင်းနှင့် ၃၇၈ တပ်ရင်းကို တိုက်ခိုက်နေချိန် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အထက်အမိန့်အရဟုဆိုကာ အချုပ်သား ၇ ဦးကို ၃၇၈ တပ်ရင်း၌ နှိပ်စက်သတ်ဖြတ်ပြီး မြေမြှုပ်ထားခဲ့သည်။
အချုပ်သား ၇ ဦးထဲတွင် သတင်းထောက် ဖိုးသီဟ (ခ) မြတ်သူထွန်း ပါဝင်ခဲ့ပြီး ၎င်းကို သတင်းထောက်မှန်းသိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရည်ရွယ်ချက်ရှိရှိ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
သတင်းထောက် ဖိုးသီဟ သည် DVB၊ 7Day News၊ DMG နှင့် ပိတ်ပင်ခံထားရသော The Voice သတင်းစာ တို့တွင် ရခိုင်ပြည်သတင်းများကို ရေးသားထုတ်ဝေခဲ့ပြီး နောက်ဆုံး Western News သတင်းဌာနတွင် အဖမ်း မခံရမီအချိန်အထိ သတင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
ဖိုးသီဟ (ခ) မြတ်သူထွန်း အသတ်ခံရခြင်းနှင့် ပတ်သက်၍ တရားမျှတမှုရရှိရေးအတွက် Western News သတင်း ဌာနက ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် အောက်ပါအတိုင်း တောင်းဆိုအပ်သည်။
(၁) သတင်းထောက် ဖိုးသီဟ (ခ) မြတ်သူထွန်း နှိပ်စက်သတ်ဖြတ်မြေမြှုပ်ခံရခြင်းအတွက် Western News သတင်းဌာနမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။
(၂) သတင်းထောက် ဖိုးသီဟ ကို ရက်ရက်စက်စက် သတ်ဖြတ်မြေမြှုပ်ခဲ့သော အထက်က အမိန့်ပေးခဲ့သူ မြန်မာစစ်တပ်အရာရှိများကို အမြန်ဆုံးစုံစမ်းဖော်ထုတ် အရေးယူပြစ်ဒဏ် ပေးရန်။
(၃) သတ်ဖြတ်မြေမြှုပ် ကိုယ်တိုင်ကျူးလွန်ခဲ့သူများနှင့် အားပေးအားမြှောက် ပါဝင်ပတ်သက်သူများ ကိုလည်း ထိထိရောက်ရောက် အရေးယူပြစ်ဒဏ်ပေးရန်။
(၄) မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရပြီး အကျဉ်းချခံထားရသော သတင်း ထောက်များကိုလည်း ချက်ချင်းပြန်လွှတ်ပေးရန်နှင့် တရားစွဲဆိုခံထားရသော သတင်းထောက် များကို တရားစွဲဆိုခြင်းမှ အမြန်ဆုံးရုပ်သိမ်းပေးရန်။
(၅) ကမ္ဘာတစ်ဝှမ်း နေရာအသီးသီးက သတင်းထောက်များ သတ်ဖြတ်ခံရခြင်း၊ မတရားဖမ်းဆီးခံ ရခြင်း၊ တရားစွဲဆိုခံရခြင်းတို့အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် UN အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များအနေဖြင့် ၎င်းတို့အတွက် တရားမျှတမှုရရှိရေး ကူညီဆောင်ရွက်ပေးကြရန်။
(၆) မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်း အထူးသဖြင့် စစ်အာဏာရှင်နိုင်ငံများတွင် သတင်းသမား များအပေါ် ရာဇဝတ်သားကဲ့သို့ ပြုမူဆက်ဆံခြင်းကို အမြန်ဆုံးရပ်တန့်ရန်နှင့် လွတ်လပ် ငြိမ်းချမ်းပြီး တရားမျှတမှုကိုလိုလားသော လူ့အဖွဲ့အစည်းတစ်ရပ်အတွက် သတင်းလွတ်လပ် ခွင့်ကို ဦးစားပေးဆောင်ရွက်ပေးကြရန်။
၂၀၂၁ ခုနှစ် ဒီမိုကရေစီဆိုင်းငံ့ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် အပြစ်ပေးခံရခြင်း ယဉ်ကျေးမှုသည် နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့ပြီး သတင်းထောက်များမှာ ပစ်မှတ်ထားခံနေရသည်။
သတင်းထောက် ဖိုးသီဟ (ခ) မြတ်သူထွန်းနှင့်အတူ တခြားအရပ်သားများကို သတ်ဖြတ်ခြင်းသည် ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် အလုပ်လုပ်နေသော သတင်းထောက်များအတွက် အမြင့်မားဆုံး ခြိမ်းခြောက်မှုနှင့် သတင်းလုပ်ငန်းများကို ဟန့်တားနေသည်။
အယ်ဒီတာအဖွဲ့
Western News
ရခိုင်ပြည်အခြေစိုက် သတင်းမီဒီယာ