ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ မြန်မာနိုင်ငံမှ သတင်းသမားများရဲ့အသံ

(၂၀၂၂ ခုနှစ်၊ မေလ ၃ ရက်နေ့က Western News သတင်းဌာနတွင် ဖော်ပြခဲ့သော သတင်းစာဆရာများ၏ အသံကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်)

By Western News / 2024 May     3

(ဝါရင့်သတင်းစာဆရာ ဦးမြင့်ကျော်)

မြန်မာ့နိုင်ငံကတော့ သတင်းလွတ်လပ်ခွင့်လို့ပြောလိုက်ရင် သတင်းသမားဘယ်လောက်ဖမ်းဆီးခံထားရသလဲ။ လက်ရှိထိန်းသိမ်းခံထားရတယ်။ အမှုရင်ဆိုင်နေရတယ်။ ပြစ်ဒဏ်ကျခံနေရတဲ့ သတင်းသမားတွေ ဘယ်လောက်ရှိသလဲ ဆိုတာကနေ စပြောရမယ်ထင်တယ်။ သတင်းသမား ၅၀ ကျော်လောက်ထိန်းသိမ်းခံထားရဆဲဖြစ်တယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း သတင်းသမား (၁၃၀) ကျော်လောက် ထိန်းသိမ်းခံခဲ့ရတယ်။ တချို့လည်း ပြန်လွတ်လာတယ်။  ဒီကိန်းဂဏန်းတွေက စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဖြစ်ပွားလာတဲ့ ကိန်းဂဏန်းတွေ။ နောက်သတင်းသမား (၃) ဦးလည်း  အသက်ဆုံးရှုံးခဲ့ပြီးပြီ။  ဒီကိန်းဂဏန်းတွေကို ကြည့်လိုက်မယ်ဆိုရင် သတင်းအလုပ်က တော်တော်ကို အန္တရာယ်များတဲ့ အလုပ်ဖြစ်နေတယ်။ အသက်အန္တရာယ်ဆုံးရှုံးနိုင်တယ်။ ဖမ်းဆီးထိန်းသိမ်းခံရနိုင်တယ်။ ထောင်ချခံရနိုင်တဲ့ အနေအထားမျိုးဖြစ်တယ်။ ဒါသတင်းအလုပ်ကို စွန့်ခွာအောင် လုပ်ဆောင်နေတယ်။ ဖိအားပေးနေတယ်လို့ ကျနော်တို့ကတော့ အဲလိုပဲသုံးသပ်တယ်။ သတင်းသမားတွေ အန္တရာယ်ရှိတယ်။ သတင်းသမားတွေ တိမ်းရှောင်ရတဲ့မျိုးတွေဖြစ်လာတယ်။ သတင်းသမားတွေက သတင်းအလုပ်ကို professional လုပ်ဖို့အတွက်လည်း ခက်ခဲလာတယ်။ စိန်ခေါ်မှုတွေရှိလာတယ်။ သတင်းတစ်ပုဒ်အတွက် သက်ဆိုင်တဲ့သတင်းရင်းမြစ်တွေကို စုံလင်အောင်မေးဖို့အတွက်လည်း ကိုယ်တိုင်ကလုံခြုံမှုမရှိတဲ့နေရာမှာ အလုပ်လုပ်နေရတယ်ဆိုရင် အဲလိုမျိုးမေးဖို့ အခွင့်အလမ်းမရှိတော့ဘူး။ ဆိုတော့ မပြည့်စုံတဲ့သတင်းတွေ ထုတ်လုပ်ရတဲ့အနေအထားမှာရှိလာတယ်။ အဲလိုအနေအထားဆိုတော့ ထိခိုက်တဲ့ဟာကတော့ သတင်းသမားတွေချည်းမဟုတ်ပါဘူး။ ဒီသတင်းကို ဖတ်ရှုနားထောင်နေတဲ့ ပရိတ်သတ်တွေအတွက်လည်း မပြည့်စုံတဲ့ သတင်းမျိုးတွေကိုပဲ ဖတ်ရှုရမယ်၊ နားထောင်ရမယ် သဘောမျိုးဖြစ်လာတယ်။ သတင်းလောက က အကျဖက်ကိုပဲ သွားနေတုန်းပဲလို့ပြောရမယ်။

(အမည်မဖော်လိုသော ပြည်မသတင်းစာဆရာတစ်ဦး)

သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ အာဏာသိမ်းပြီးတဲ့ကာလမှာ အဆိုးဝါးဆုံးအခြေအနေတွေကို ပြန်ရောက်တာပေါ့။ ပြီးခဲ့တဲ့ ၁၅၊ ၂၀ ဝန်းကျင်ကို ပြန်ကြည့်မယ်ဆိုရင်တော့ ကြားထဲမှာ လွတ်လွတ်လပ်လပ်သတင်းတင်ဆက်ခွင့်ရခဲ့တယ်။ ကြိုက်တဲ့နေရာမှာ ကြိုက်သလိုသတင်းယူခွင့်ရှိခဲ့တယ်။ အခုဆိုရင်တော့ အားလုံးမြင်တဲ့အတိုင်းပဲ မီဒီယာထဲက မိတ်ဆွေတော်တော်များများ ဖမ်းဆီးခံနေရတယ်။ အရေးယူခံရတယ်။ တရားစွဲခံရတယ်။ တချို့ဆိုရင် ပြစ်မှုကြီးကြီးတွေနဲ့ထောင်ချခံရတယ်။ သတင်းလွတ်လပ်ခွင့်အခြေအနေကို ပြန်ပြောမယ်ဆိုရင်တော့ ဒီကာလ zero အခြေအနေကို ပြန်ရောက်တယ်လို့ပဲပြောရတော့မှာပေါ့။ ဒီအခြေအနေမှာ စိတ်မကောင်းစရာတစ်ခုကတော့ တိုင်းပြည်တစ်ပြည်မှာ သမာသမတ်ကျပြီးတော့ တကယ်လည်း ပြည်သူအကျိုးပြုပြီးတော့ သတင်းတွေတင်ဆက်တဲ့ မီဒီယာတွေလိုတယ်။ journalism ကို အခြေခံပြီးတော့ စည်းစနစ်တကျလုပ်တဲ့မီဒီယာတွေလိုအပ်တယ်။ အခုဒီတလောမှာပဲ အရင်ကရှိခဲ့တဲ့မီဒီယာကြီးတွေ တော်တော်များများ journalism ကို အခြေခံပြီးတော့ သွားနေတဲ့ မီဒီယာကြီးတွေ တော်တော်များများရပ်သွားတယ်။ ပြည်ပကနေလုပ်နေရတဲ့ မီဒီယာတွေရှိတယ်။ စိတ်မကောင်းစရာတစ်ခုက ဒီလိုမျိုး မီဒီယာတွေနည်းသွားတာက လူတွေအတွက် အရမ်းနစ်နာတယ်။ ပြည်သူတွေအတွက် ဘာနစ်နာလဲဆိုတော့ ဒီလိုမျိုးကျပ်ကျပ်တည်းတည်းလုပ်နေရတဲ့ကာလမှာ ပြည်သူတွေအတွက် သတင်းမှန်ရဖို့က တော်တော်လည်းခက်ခဲပါတယ်။ ကျနော်တို့က ဘာလိုချင်လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၀ နောက်ပိုင်းမှာ ရခဲ့တဲ့ သတင်းမီဒီယာအခြေအနေကို ပြန်လိုချင်တယ်။ မီဒီယာတိုက်တွေအားကောင်းတယ်။ journalist အများကြီး တိုင်းပြည်ထဲမှာ လွတ်လွတ်လပ်လပ်လုပ်လို့ရတယ်။ အဲတုန်းကလည်း အကန့်အသတ်တချို့က ရှိကောင်းရှိခဲ့ပါတယ်။ လက်ရှိအချိန်နဲ့ ယှဉ်ရင်တော့ သတင်းမီဒီယာ အားကောင်းဖို့က မလွယ်တော့ဘူး။ ဒါပေမဲ့ အဲလိုအခြေအနေမျိုးကိုရအောင်တော့ ကျနော်တို့ တနည်းမဟုတ်ရင်  တနည်းနဲ့ ရအောင်တော့ ပြန်ယူရမှာပေါ့။ ဒီနေ့က စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ပေါ့။ ဒါပေမဲ့ ကျနော်တို့နိုင်ငံကတော့ အဆိုးဝါးဆုံးအခြေအနေမှာရှိနေတယ်။ စိတ်မကောင်းစရာအခြေအနေမှာ ရောက်နေတယ်။

(ရခိုင်ပြည်နယ်မှ အလွတ်တန်းသတင်းသမား မခင်သရဖီဦး)

ဒီနေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်ပေမယ့် သတင်းသမားတွေကတော့ မလွတ်လပ်ဘူး။ လွတ်လွတ်လပ်လပ်ရေးရတဲ့အခြေအနေမျိုးမရှိဘူး။ NLD လက်ထက်မှာလည်း သတင်းသမားတွေကို တရားစွဲဆိုတာတွေရှိခဲ့တယ်။ အခုက စစ်ကောင်စီခေတ်ဆိုတော့ ပိုဆိုးတာပေါ့။ တဖက်မှာဆိုရင်လည်း သတင်းမီဒီယာတွေကို တရားစွဲထားတာတွေရှိတယ်။ လွတ်လပ်မှုတော့မရှိဘူး။ မြန်မာ့နိုင်ငံအနေအထားအရဆိုရင် သတင်းမီဒီယာဟာ စတုတ္ထမဏ္ဍိုင်အဖြစ် ဖွဲ့စည်းထားတယ်။ သတင်းမီဒီယာရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ ပြည်သူနဲ့အစိုးရကြားမှာ ပေါင်းကူးတံတားအဖြစ်ဆက်သွယ်ထားတယ်။ သတင်းမီဒီယာတွေဟာ ပြည်သူတွေရဲ့ နားမျက်စိဖြစ်တယ်။ အဲလိုလူတွေကို ချုပ်ချယ်နေတာဟာ ဒီနိုင်ငံမှာရှိတဲ့ ပြည်သူတွေအတွက် သိသင့်သိထိုက်တာတွေကို မသိရတာတွေပိုရှိလာတယ်။ ဆုတ်ယုတ်မှုတွေပိုရှိလာတယ်။ ဒီနေ့က ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်တဲ့အတွက် မတရားသဖြင့် ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေကို အများဆုံးပြန်လွတ်ပေးဖို့ ပြောချင်ပါတယ်။

(DMG သတင်းဌာနမှ operation manager ကိုဇော်ဇော်)

လက်ရှိမှာ ရခိုင်အပါအဝင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ရှိနေတဲ့ သတင်းသမားတွေက သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ဆိုလို့ လုံးဝမလွတ်လပ်လို့ ပြောလို့ရတဲ့အနေအထားမှာရှိတယ်။ လွတ်လပ်စွာဖော်ထုတ်ရေးသားပိုင်ခွင့်ဟာ ပျောက်ဆုံးနေတယ်။ သတင်းမီဒီယာနဲ့ပတ်သက်တဲ့ဥပဒေတွေမှာလည်း သတင်းသမားတွေကို အကာအကွယ်ပေးထာတာမပါဘဲနဲ့ အရေးယူဖို့ဟာကိုပဲ ဦးတည်ထားတယ်။ အဓိကတော့ လွတ်လွတ်လပ်လပ် ထုတ်ဖော်ရေးသားခွင့်မရရင် အမှန်တရားတွေဟာ ပျောက်ဆုံးသွားတယ်။ အမှန်တရားတွေကို မဖော်ထုတ်နိုင် ဖြစ်သွားနိုင်တယ်။ အဓိကတော့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ပေးနိုင်တဲ့ဥပဒေတစ်ရပ် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာစေချင်တယ်။ အခုက သတင်းသမားတွေဟာ လုံခြုံမှုကင်းမဲ့တဲ့ အနေအထားမျိုးဖြစ်နေတယ်။

ကိုထွန်းသာ

(ကိုထွန်းသာ သည် လက်ရှိတွင် ABN သတင်းဌာန၏ တည်ထောင်သူနှင့် အယ်ဒီတာချုပ်ဖြစ်သည်)

ဒီနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ ပျောက်ဆုံးနေတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်။ စာနယ်ဇင်းကို အုပ်ချုပ်သူအစိုးရတွေက ရန်သူလို့ သတ်မှတ်တဲ့ နိုင်ငံဖြစ်တယ်ဆိုတာကို ပြီးခဲ့တာ ဒီမိုကရေစီအစိုးရလက်ထက်ရောအာဏာသိမ်းစစ်ကောင်စီလက်ထပ်မှာရောပဲ တွေ့နိုင်တယ်။ သတင်းသမားတွေကို ရာဇဝတ်သားတွေလို ပြုမူတဲ့ နိုင်ငံဖြစ်တယ်။ ဒါဟာ မသမာသူတွေရဲ့ အယူအဆ အတွေးအခေါ်အမှားတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဒီနိုင်ငံ ပြောင်းလဲတိုးတက်ဖို့အတွက် စာနယ်ဇင်းနယ်ပယ်ကို လုံးဝ ပစ်ပယ်လို့မရဘူး။ ပြည်သူတွေနဲ့ အစိုးရတွေရဲ့ နေ့စဥ်ဆုံးဖြတ်ချက်တွေကို ကျနော်တို့ ဒီတိကျမှန်ကန်တဲ့ သတင်းတွေကပဲ ရတာဖြစ်တယ်။ ဒါကြောင့် စာနယ်ဇင်းနယ်ပယ်ကျယ်ပြန့်အောင်သာ အစိုးရတွေအနေနဲ့ အထောက်အကူပြုသင့်တာပါ။ ကျနော်တို့ရခိုင်မှာဆိုရင် ရှိသမျှသတင်းဌာနတွေအကုန်လုံး စစ်တပ်ရဲ့ တရားစွဲဆိုခံထားရတယ်။ သတင်းသမားတွေကို တရားစွဲ ထောင်ချဖို့ ကြိုးစားနေမှတော့ သတင်းသမားတွေက ဘယ်လိုလုပ်ပြီး အကြောက်တရားကင်းကင်းနဲ့ ဘက်မလိုက် မျှတတဲ့ သတင်းတွေကို တင်ဆက်နိုင်တော့မှာလဲ။ ကျနော်တို့က ပြည်သူကို မျက်နှာမူပြီး ပြည်သူတွေကို သတင်းအတတ်ပညာနဲ့ အလုပ်အကျွေးပြုချင်ပါတယ်။ ကျနော်တို့ကို လွတ်လပ်စွာနဲ့ သတင်းရေးသားခွင့် တင်ဆက်ခွင့်ပြုပါလို့ပဲ ပြောချင်တယ်။ နောက်ပြီး ဖမ်းဆီးထောင်ချခံ သတင်းသမားများ အားလုံးအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ဆန္ဒပြလိုက်ရပါတယ်ခင်ဗျား။

(VOW သတင်းဌာနအယ်ဒီတာချုပ် ကိုနောင်ခိုင်အောင်)

နဂိုကတည်းက သတင်းလွတ်လပ်ခွင့်ကမရှိဘူး။ အခု ဒီအစိုးရလက်ထက်မှာ ဥပဒေတချို့ကို ပြုပြင်လိုက်တော့ သတင်းလွတ်လပ်ခွင့်က ထပ်လို့မရှိဘူး။ ပြည်မဖက်တွေမှာဆိုရင် သတင်းသမားတော်တော်များများဖမ်းဆီးခံနေရတယ်။ ကျနော်တို့ရခိုင်ပြည်မှာဆိုရင်လည်း တချို့သတင်းဌာနက တာဝန်ရှိတဲ့လူတွေကို ဖမ်းဆီးဖို့လုပ်တဲ့အတွက် ရှောင်တိမ်းနေရတာတွေရှိတယ်။ ဒီဟာတွေက သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တာလို့ ပြောလို့ရတယ်။ သတင်းသမားတွေက အမှားတွေကို ထပ်လို့မဖြစ်အောင် ဖော်ထုတ်နေတဲ့လူတွေဖြစ်တယ်။ ဒီလိုမျိုးဖော်ထုတ်နေတဲ့ သတင်းသမားတွေက သတင်းသမားအလုပ်ကို လုပ်လို့မရအောင်လုပ်တာဟာ ပြည်သူတွေရဲ့နားမျက်စိကို ပိတ်လိုက်တာလို့ပြောလို့ရပါတယ်။

(ရခိုင့်လူ့အခွင့်ရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်း)

သတင်းသမားတွေကတော့ လွတ်လပ်မှုမရှိလို့ပဲမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာဆိုတာက ပြည်သူလူထုသိသင့်သိထိုက်တဲ့ အမှန်တရားကို ဖော်ပြခြင်းသာဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ထားတယ်။ သို့သော်လည်း ပြည်သူလူထုသိသင့်သိထိုက်တာကို ဖော်ပြတဲ့အခါမှာ အုပ်ချုပ်သူအစိုးရကနေပြီးတော့ တရားစွဲတယ်။ အမှုဖွင့်တယ်။ အမျိုးမျိုးဒုက္ခပေးတယ်။ ဒီဟာတွေကို ကြည့်ခြင်းအားဖြင့် သတင်းလွတ်လပ်ခွင့်မရှိလိုပြောချင်တယ်။ မီဒီယာဟာ စတုတ္ထမဏ္ဍိုင်ဖြစ်တယ်။ တိုင်းပြည်တစ်ပြည်မှာ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီး (၃) ရပ် တည့်မတ်ဖို့အတွက် မီဒီယာဟာ အဓိကဖြစ်တယ်။ မီဒီယာသမားတွေကို တရားစွဲတယ်။ ဖိနှိပ်တာတွေဟာ လူ့အခွင့်ရေးချိုးဖောက်မှုတစ်ခုလို့ပြောချင်တယ်။ အဓိက သတင်းလွတ်လပ်မှုရှိရမယ်။သတင်းလွတ်လပ်မှုမရှိရင် တိုင်းပြည်မတိုးတက်။ အမှန်တရားကို ဖော်ထုတ်တဲ့လူတွေကို အရေးယူဖမ်းဆီးတယ်ဆိုရင် တိုင်းပြည်ဟာ ဒီထက်မက ချွတ်ခြုံကျလာဖို့အနေအထားရှိတယ်။

ပုံစာ – ရခိုင်ပြည်အရေး၊ မြန်မာ့အရေးကို နှစ်ရှည်လများ သတင်းစာပညာဖြင့် အထောက်အကူပြုခဲ့သော သတင်းထောက် ကိုဖိုးသီဟ (ခ) ကိုမြတ်သူထွန်းဖြစ်သည်။ ကိုဖိုးသီဟကို မြန်မာစစ်တပ်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မြောက်ဦးမြို့အခြေစိုက် ခမရ ၃၇၈ တပ်ရင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှိပ်စက်မြေမြှုပ်သတ်ဖြတ်ခဲ့သည်။ ကိုဖိုးသီဟ သည် အသတ်မခံရမီအချိန်အထိ Western News သတင်းဌာနတွင် လုပ်ကိုင်ခဲ့သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/888021530003941

Leave a Reply

Your email address will not be published.